ရန်ကုန် ဇွန် ၂၇
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကင်း မြို့နယ် တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီရုံး၌ကျင်းပသည်။
အစည်းအဝေးသို့ ရန်ကုန် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကော်မတီ အဖွဲ့ဝင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ် များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ရင်းနှီး မြှုပ်နှံသူ လုပ်ငန်းရှင်များ ထုတ် လုပ်သည့် ပစ္စည်းနမူနာ ပြသ ထားရှိမှုများကို ကြည့်ရှုစစ်ဆေး ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ရန်ကုန် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် ဟိုတယ်ဝန်ဆောင် မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း သုံးခုနှင့် စက်မှုကဏ္ဍ တွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လေးခုတို့ ကို အတည်ပြုပေးခဲ့ပြီး အတည်ပြု ပေးခဲ့သည့် လုပ်ငန်းများမှ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အရုပ်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ ပြည်တွင်း တွင် ၈၀ ရာခိုင်နှုန်း ရောင်းချပြီး ပြည်ပသို့ ၂၀ ရာခိုင်နှုန်း တင်ပို့ မည့် အထည်ချုပ်လုပ်ငန်းများ တွင် အသုံးပြုသော Padding and Quilting များ ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်းနှင့် CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း တို့ဖြစ်သည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ မြန်မာငွေကျပ် ၄၀၂၃ ဒသမ ၀၀၀ သန်းနှင့် အမေရိကန် ဒေါ်လာ ၄ ဒသမ ၈၄၅ သန်း ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၃၀၆၀ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း နှင့် အစည်းအဝေးတွင် အထွေထွေ ကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ ၁၂ ခု၏ တင်ပြချက်များ ကိုလည်း ဆွေးနွေးဆုံးဖြတ် သည်။
ဆန်းကျော်ဦး (ပြန်/ဆက်)