နိုင်ငံ့လူဦးရေ ၇၀ ရာခိုင်နှုန်းကျော် ကျေးလက်ဒေသတွင် နေထိုင်ကြသော မိမိတို့နိုင်ငံတွင် စာမတတ်သူအများစုမှာလည်း ကျေးလက်ဒေသတွင် ရှိနေသည်။ ဆင်းရဲမွဲတေခြင်းနှင့် စာမတတ် ခြင်း၊ ပညာရေးနိမ့်ကျခြင်းတို့မှာ အပြန်အလှန်ဆက်စပ်လျက်ရှိရာ စာမတတ်သူများကို စာသင်ပေးခြင်း၊ ပညာတတ်မြောက်စေခြင်းဖြင့် ဆင်းရဲတွင်းမှ လွတ်မြောက်စေမည်ဖြစ်သည်။
လူသားတစ်ဦးအဖြစ် ဘဝတစ်လျှောက် အောင်မြင်စွာရပ်တည် ရှင်သန်နိုင်ရေးတွင် ကျန်းမာကြံ့ခိုင်ခြင်း၊ ဉာဏ်ပညာဗဟုသုတ ပြည့်စုံခြင်း၊ လူမှုဆက်ဆံရေးကောင်းမွန်ခြင်း၊ ဥစ္စာဓနဖူလုံ ခြင်း၊ အကျင့်စာရိတ္တကောင်းမွန်ခြင်းတို့နှင့် ပြည့်စုံရန်လိုအပ်ရာ အခြေခံအုတ်မြစ်မှာ ပညာရေးပင်ဖြစ်သည်။ ပညာရေးသည် လူ တစ်ယောက်၏ စွမ်းရည်၊ ကျွမ်းကျင်မှုနှင့် ဗဟုသုတများကို ပြည့်စုံ ကြွယ်ဝလာစေပြီး အလုပ်အကိုင်အခွင့်အလမ်းကိုလည်း တိုးပွား လာစေသည်။
၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ကပ်ရောဂါ မြန်မာနိုင်ငံသို့ ကူးစက် ပျံ့နှံ့လာခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်နေခြင်းတို့သည် ကျေးလက်ဒေသနေပြည်သူများနှင့် နယ်စပ်ဒေသနေပြည်သူများ အတွင်း စာပေသင်ယူနိုင်ခွင့် အခွင့်အလမ်းတို့နှင့် အလှမ်းဝေးသွား စေသည်။
မြန်မာတို့သည် စာပေယဉ်ကျေးမှု မြင့်မားသည့် လူမျိုးဖြစ်ပြီး တန်ဖိုးထားသူများ ဖြစ်သည်။ စာပေ၏ စွမ်းအားကို ကောင်းစွာ သိရှိနားလည်ကြသည့်အားလျော်စွာ လူတိုင်း စာဖတ်ကြရန်လို သည်။ ယနေ့ခေတ်တွင် လူတိုင်း မိုဘိုင်းဖုန်းများ၊ အင်တာနက် လူမှုကွန်ရက်များ သုံးစွဲလာကြသည်။ သို့သော် သတင်းအချက် အလက်၊ စာပေဗဟုသုတ ရယူခြင်းထက် ဖျော်ဖြေရေးနှင့် လူမှုရေး ဆက်ဆံရေးတွင်သာ အချိန်ကုန်နေကြသည်။
စာပေထွန်းကားသည့် ခေတ်များတွင် နိုင်ငံတော်အေးချမ်း သာယာဝပြောသည့် အခြေအနေများဖြစ်ပေါ်စေသည်။ သို့ဖြစ်ရာ စာမတတ်သူများကို စာတတ်မြောက်ရေး သင်ကြားပို့ချပေးသကဲ့သို့၊ စာတတ်သူတိုင်း စာဖတ်ကြရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ် တိုင်းပြည်အတွက် ဦးဆောင်းဦးရွတ်ပြုသူများ ဖြစ်လာမည် ဖြစ်သည်။ စာပေ၏အလင်းရောင်အောက်မှ လူသားအကျိုးပြုရေး၊ နိုင်ငံနှင့် လူမျိုးတိုးတက်ရေးဖြစ်သည့်အလျောက် အမျိုးသားရေး တာဝန်အဖြစ် နိုင်ငံသူ၊ နိုင်ငံသားများက ခံယူကျင့်သုံးစေချင် ကြောင်း။