ရန်ကုန် ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ရှာဘွားကျေးရွာအုပ်စု၊ ကော့မှူးစိုက်ပျိုးမွေးမြူရေးဇုန်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် စိုက်ပျိုးမွေးမြူရေးဇုန် အတွင်း ကုန်ထုတ်လမ်း (ပတ်လမ်း) များ ဖောက်လုပ်နေမှု၊ တွံတေးမြို့နယ်၊ တလုတ္ထော်ကျေးရွာအနီး တွံတေးမွေးမြူရေး ဇုန်စီမံကိန်းအတွင်း မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ လသာမြို့နယ်၊ (၁၉) လမ်း အပေါ်လမ်း (မဟာဗန္ဓုလလမ်းနှင့် ကျုံးကြီးလမ်းအကြား) အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)က ကတ္တရာကွန်ကရစ် (AC) ခင်းကျင်းနေမှုနှင့် ကျုံးကြီးလမ်း (၁၉) လမ်းနှင့် လမ်း (၂၀) ကြား ရေမြောင်းအား အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)က အုတ်ရေမြောင်းတည်ဆောက်နေမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ရှေးဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၇ နာရီခွဲတွင် တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ရှာဘွားကျေးရွာအုပ်စု၊ ကော့မှူး စိုက်ပျိုးမွေးမြူရေးဇုန်စီမံကိန်းမြေနေရာသို့ သွားရောက်၍ စီမံကိန်းအတွင်း အရှည် ၁၆၀၀ ပေ၊ အကျယ် ၃၀ ပေရှိသည့် ကုန်ထုတ်လမ်း(ပတ်လမ်း) အမှတ်(၂) နှင့် အရှည် ၃၂၀၀ ပေ၊ အကျယ် ၃၀ ပေရှိသည့် ကုန်ထုတ်လမ်းအမှတ် (၁) ဖောက်လုပ် နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က လမ်းဖောက်လုပ်မှု စီမံကိန်းအား အမြန်ဆုံးအကောင်ထည်ဖော်ဆောင်ရွက်ရန်၊ ကုန်ထုတ်လမ်းအတွင်း လျှိုနေရာများကို ရေကန်တူး၍ ရေသိုလှောင် နိုင်ရေးဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး ဦးစားပေးဆောင်ရွက်ရန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ကော့မှူးစိုက်ပျိုး မွေးမြူရေးဇုန် စီမံကိန်းဧရိယာအတွင်း ၁၇ ဧက အကျယ်အဝန်းရှိ သည့် သဘာဝရေကန် (နတ်ရေကန်) အတွင်း ရေသိုလှောင်ထားမှုနှင့် အရှည် ၁၆၀၀ ပေ၊ အကျယ် ၃၀ ပေရှိသည့် ကုန်ထုတ်လမ်း(ပတ်လမ်း) အမှတ် (၄) ဖောက်လုပ်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က စိုက်ပျိုးမွေးမြူရေးဇုန် စီမံကိန်းအတွင်းရှိ ရေကန်ကို စိုက်ပျိုးရေးလုပ်ငန်းများအတွက် အသုံးပြုနိုင်ရေး ပြုပြင်ထိန်းသိမ်းထားရန်၊ မွေးမြူရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေရေး ပြောင်းနှင့် မြက်ပင်များစိုက်ပျိုးရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ အဆိုပါ ကော့မှူးစိုက်ပျိုးမွေးမြူရေးဇုန်သည် ၁၂၄၁ ဧက ကျယ်ဝန်း ပြီး ကုန်ထုတ်လမ်း ငါးလမ်း ပါဝင်မည်ဖြစ်သည်။ ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် တွံတေးမြို့နယ်၊ တလုတ္ထော်ကျေးရွာအနီး တွံတေးမွေးမြူရေးဇုန်သို့ သွားရောက်၍ အပိုင်း (၃) ရှိ ဦးမြင့်နိုင်နှင့်အဖွဲ့ ငုံးမွေးမြူရေးခြံ၌ ငုံးအကောင်ရေ (၁၅၀၀၀) ကောင်မွေးမြူထားရှိမှု၊ ငုံးများအစာကျွေးမွေးနေမှု၊ ငုံးဥထွက်ရှိမှုအခြေအနေနှင့် ရစ်အကောင်ရေ (၈၄) ကောင် မွေးမြူ ထားရှိမှု၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် UNIVERSAL DIAMOND COMPANY တို့ အကျိုးတူပူးပေါင်းလုပ်ကိုင်သည့် BOSS နွားနို့နှင့် ဒိန်ချဉ်စက်ရုံ၏ နို့စားနွားမွေးမြူရေးခြံ၌ နို့စားနွား (၄၀) ကောင် မွေးမြူထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က နို့စားနွားအကောင်ရေ တိုးချဲ့မွေးမြူရန်၊ မွေးမြူရေးဇုန်အတွင်း ရောဂါပိုးမွှားများ ကျရောက်မှုမရှိစေရေး အလေးထားဆောင်ရွက် ရန်၊ မွေးမြူရေးဇုန်အတွင်း ရေလိုအပ်မှုကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရန် ဇုန်အတွင်းရှိခြံဝင်းတိုင်းတွင် ရေစုကန်များ တူးဖော် ထားရှိရန်တို့ကိုမှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် တွံတေးမွေးမြူရေး ဇုန်စီမံကိန်းရှင်းလင်းဆောင်အနီး ငါးပြေမ၊ ကက္ကတစ်နှင့် ငါးမြစ်ချင်းငါးများ မွေးမြူရန် အလျား ၃၃၀ ပေ၊ အနံ ၁၆၅ ပေ၊ အနက် ၆ ပေခွဲရှိ ငါးမွေးမြူရေးကန်ငါးခု ဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်နှင့်ဆိုလာစွမ်းအင် သုံး ၈ လက်မ၊ စက်ရေတွင်းဖြင့် ရေဖြည့် သွင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က ကန်များအတွင်း ရေအပြည့်ဖြည့်သွင်းထားရန်၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေ အနေများအား စနစ်တကျမှတ်တမ်းများထားရှိရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အဆိုပါ တွံတေးမွေးမြူရေးဇုန်အတွင်း လုပ်ငန်းရှင် (၆၈) ဦးက အသားတိုးကြက် ၄၂၇၀၀ ကောင်၊ အသားတိုးဘဲ ၃၉၀၀ ကောင်၊ အသားတိုးနွား ၁၁၃ ကောင်၊ ဆိတ်အကောင်ရေ ၃၄၃၅၊ ဒေသကြက်၂၀၄၁၆ ကောင်၊ ဥစားကြက် ၇၉၀၀ ကောင်၊ ဥစားဘဲ ၄၀၆၈ ကောင်၊ နို့စားနွား ၂၂၁ ကောင်၊ ငုံးအကောင်ရေ ၁၄၃၇၀ ကောင် မွေးမြူထားပြီး ဇွန် ၂၃ ရက်အထိ ကြက်ပိဿာချိန် ၁၃၄၉၀၀ ပိဿာ၊ ဝက်ပိဿာ ချိန် ၉၄၃၆ ပိဿာ၊ ဘဲပိဿာချိန် ၉၅၇၀ ပိဿာ၊ အမဲသားပိဿာချိန် ၃၂၀၀ ပိဿာ၊ ဆိတ်သားပိဿာချိန် ၅၉၈၃ ပိဿာ၊ ဘဲဥအလုံးရေ ၄၄၃၇၉၈ လုံး၊ ကြက်ဥအလုံးရေ ၃၉၄၈၈၅ လုံး၊ ငုံးဥအလုံးရေ ၄၀၄၂၆၂ လုံးနှင့် နွားနို့ပိဿာချိန် ၄၅၃၈၈၅ ပိဿာ ထုတ်လုပ်နိုင်ခဲ့သည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် လသာမြို့နယ်၊ (၁၉)လမ်း အပေါ်လမ်း (မဟာဗန္ဓုလလမ်းနှင့် ကျုံးကြီးလမ်းအကြား)တွင် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) က အရှည် ၈၄၀ ပေ၊ အကျယ် ၂၁ ပေ၊ထု ၂ လက်မ ကတ္တရာကွန်ကရိ (AC) ခင်းကျင်း နေမှုနှင့် ကျုံးကြီးလမ်း ဘေး(၁၉)လမ်းနှင့် လမ်း (၂၀) ကြား ရေမြောင်းအား အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု) က အရှည် ၁၂၀ ပေ၊ အကျယ် ၄ ပေ၊ အနက် ၄ ပေရှိ အုတ်ရေမြောင်း တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က သတ်မှတ်စံချိန်စံညွှန်းနှင့် အညီအမြန်ပြီးစီးအောင် ဆောင်ရွက်ရန်၊ ရေစီးရေလာကောင်းမွန်စေရေး၊ လမ်းဘေးရေမြောင်းများ စနစ် တကျ ရှင်းလင်းထားရှိရန်၊ ရေမြောင်းများအတွင်း အမှိုက်မပစ် စေရေး ပြည်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ရန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
သတင်း-ရဲနန္ဒာလင်းမြင့်/ ဓာတ်ပုံ-သွင်မောင်မောင်