တွံတေး ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ကွမ်းခြံရပ်ကွက်၊ ညောင်ဝိုင်းမယ်တော်ကြီးကျောင်းလမ်းတွင် ဒါယကာ၊ ဒါယိကာမအပေါင်းတို့က တည်ထားကိုးကွယ်တော်မူသော လောကသရဖူစေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပွဲကို ယမန် နေ့၊ နံနက် ၉ နာရီက အဆိုပါစေတီတော်မြတ်ကြီး၌ ကျင်းပသည်။
ညောင်တံခါးဆရာတော်ကြီး ဘဒ္ဒန္တသုမန၊ တွံတေးမြို့နယ် သံဃနာယကဥက္ကဋ္ဌဘဒ္ဒန္တနန္ဒောဘာသ၊ ရွှေဘုန်းပွင့်ဆရာတော် ဘဒ္ဒန္တ အာလောက (နယ်လှည့်သာသနာပြု)၊ ရွှေတွံတေးကြယ်တစ်ပွင့် ဆရာတော် ဘဒ္ဒန္တပညာဝံသ၊ ဓမ္မစံအိမ်ဆရာတော်ဘဒ္ဒန္တပညာသာမိ ဆရာတော်များ၏ သြဝါဒကိုခံယူ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီး၊ ဒုဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့်ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး၊ တွံတေးခရိုင်ရဲတပ်ဖွဲ့မှူးတို့အားအမှူးထား၍ လောကသရဖူစေတီတော် (ဝတ္တကမြေ) အလှူရှင် မယ်တော်ကြီး ဒေါ်မလေး(မိသားစု)၊ လောကသရဖူစေတီတော်ကြီး၏ မတည် အလှူရှင်နှင့်အသစ်ပြုပြင်တည်ထားကိုးကွယ်ရေး (နာယကကြီး) တွံတေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးဦး+ဒေါ်ချိုမွှေး၊ တွံတေးမြို့မ စခန်းမှူးဒုတိယရဲမှူး အောင်မျိုးနိုင်+ဒေါ်စန္ဒာ၊ ကွမ်းခြံရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အလှူရှင်များပဌာန်းဆက် ခုနစ်ရက်သား၊ သမီး များက ပေါင်းစုညီညာစွာဖြင့် အသစ်တဖန်ပြန်လည်တည်ထား ကိုးကွယ်ပူဇော်ခြင်းဖြစ်ပြီး ရွှေထီးတော်တင်လှူပွဲကျင်းပရာ လောက သရဖူ စေတီတော်မြတ်ကြီးရွှေထီးတော်ကို အလှူရှင်အပေါင်းက စေတီတော်ကြီးကို သုံးပတ်ပတ် လှည့်လည်ကာရွှေထီးတော်ဘုံအဆင့် ဆင့်ကို စေတီတော်မြတ်ကြီးအားရွှေထီးတော်တင်လှူကြကြောင်း သိရသည်။
ဘုရားဒါယကာ ဒါယိကာမအပေါင်းတို့က တည်ထားကိုးကွယ် တော်မူသော လောကသရဖူစေတီတော်မြတ်ကြီးကို ဘုရားဒါယကာ၊ ဒါယိကာမများနှင့် ခုနစ်ရက်သားသမီးအပေါင်းက ပေါင်းစု၍ကောင်းမှု ပြုကာ လောကသရဖူစေတီတော်မြတ်ကြီးကို အောင်မြင်စွာ ဖြင့် ရွှေထီးတော်တင်လှူနိုင်ပြီး ရွှေဘုန်းပွင့်ဆရာတော် ဘဒ္ဒန္တ အာလောက(နယ်လှည့်သာသနာပြု)မှ ဦးဆောင်၍ စေတီတော် မြတ်ကြီးအား ဘုရားအနေကဇာတင်ခြင်း ရေစက်သွန်းချ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး ဘုရားဒါယကာ၊ ဒါယိကာမအပေါင်းတို့က ရွှေဘုန်းပွင့် ဆရာတော် ဘဒ္ဒန္တအာလောက (နယ်လှည့်သာသနာပြု)ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ကြွရောက်လာကြသော သံဃာတော် အရှင်သူမြတ်အပေါင်းတို့က ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပြီး အလှူရှင်အပေါင်းက တရားတော်နာယူကြကာ ကောင်းမှုအစုစု အတွက် ရေစက်သွန်းချကြသည်။
မျိုးလှိုင်(တွံတေး)