ရန်ကုန် ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယမန်နေ့ မွန်းလွဲပိုင်းက ထန်းတပင် မြို့နယ်၊ အနောက်ပိုင်းတက္ကသိုလ်နှင့် လှိုင်သာယာမြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ဘုရင့်နောင်ပန်းခြံနှင့် အမှတ် (၄) ရပ်ကွက်၊ ဘုရင့်နောင် တံတားနှစ်စင်းကြားရှိ ပန်းခြံများတွင် လုပ်ငန်းဆောင်ရွက်နေမှု များကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်သာယာ မြို့နယ်မှ ထန်းတပင်မြို့နယ် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် အဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး၍ လေးလမ်း သွား သတ်မှတ်ဆောင်ရွက်နေမှု၊ တက္ကသိုလ် ပင်မလေးထပ်ဆောင် ရှေ့ရှိ ရေကန်မှ ဆိုလာလျှပ်စစ်ဓာတ်အားပေးစနစ်ဖြင့် အလှဆင် ရေပန်းသုံးခု မောင်းနှင်နေမှု၊ ရေကန် ပတ်လည်စိမ်းလန်းစိုပြည်ရေး ခရေပင်များ၊ အရိပ်ရ ပင်များ၊ ပန်းအလှပင်များ စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ် သည်များ မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ စုပေါင်းရုံးများ အစည်းအဝေးခန်းမနှင့် ဘုရင့်နောင် ပန်းခြံအတွင်း ဘက်စုံသုံးအဆောက်အဦ တည် ဆောက်နေသည့် လုပ်ငန်းခွင်များအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် ဘုရင့်နောင်တံတားနှစ်စင်းကြားရှိ ပန်းခြံ၏ တံတားအောက်ခြေတွင် ကားပါကင် ဆောင်ရွက် နေမှု၊ ရေစီးရေလာကောင်းမွန်ရေး အရှည်ပေ ၁၂၀၀ ရှိ ကျောက်ပြားရေမြောင်း ဆောင်ရွက်နေမှု၊ မြေယာရှုခင်းကောင်းမွန်စေရန် ယိုးဒယားဘဲစား မြက်၊ ပန်းအလှပင်များနှင့် အရိပ်ရပင် စိုက်ပျိုး ထားရှိမှုများ၊ ဖူဆယ်ကွင်း၊ ဘော်လီဘောကွင်း၊ ပိုက်ကျော်ခြင်းကွင်း၊ ဘောလုံးကွင်းနှင့် ညအချိန် အလင်းရောင်ကောင်းစွာရရှိရန် ဆိုလာစွမ်းအင်သုံး လျှပ်စစ်မီးများ တပ်ဆင်ထားရှိမှုများကို ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)