ကျန်းမာခြင်းသည် တန်ဖိုးမဖြတ်နိုင်သော လာဘ်ကြီးတစ်ပါး ဖြစ်သည်။ လူတိုင်း ကျန်းမာနေပါမှ အသက်ရှင်ရပ်တည်နေနိုင်မည် ဖြစ်ပြီး အလုပ်ကို ကိုယ်စွမ်းရှိသမျှ လုပ်ကိုင်နိုင်မည်ဖြစ်သည်။
လူတိုင်း အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အခြေခံအကျဆုံး သည် ကျန်းမာရေးစောင့်ရှောက်မှုပင်ဖြစ်သည်။ ကျန်းမာရေး စောင့်ရှောက်မှုကို မိမိကိုယ်တိုင် ဆောင်ရွက်နိုင်မှသာ တစ်ကိုယ်ရေ ကျန်းမာသန်စွမ်းမည် ဖြစ်သည်။
မြန်မာနိုင်ငံသည် ဒေသတွင်း အခြားနိုင်ငံများနည်းတူ မကူးစက်တတ်သော ရောဂါများ ဖြစ်ပွားနှုန်းမြင့်တက်လျက် ရှိပြီး ဆီးချို၊ ကင်ဆာနှင့် အရက်စွဲရောဂါတို့သည် သေဆုံးမှုနှင့် ဖြစ်ပွားမှု အများဆုံးရောဂါများ ဖြစ်သည်။ အရက်စွဲသူအားလုံး၏ ၇၀ ရာခိုင်နှုန်းသည် အသည်းဆိုင်ရာရောဂါနှင့် ၁၂ ရာခိုင်နှုန်းသည် အသည်းကျွမ်းရောဂါကို ခံစားကြရသည်။ အရက်စွဲသူအားလုံး၏ ရာခိုင်နှုန်း ၂၀ မှာ အာရုံကြောထုံကျဉ်ခြင်း၊ မှတ်ဉာဏ်လွဲမှား ချွတ်ယွင်းခြင်း ၁၀ ရာခိုင်နှုန်းရှိပြီး စိတ်ရောဂါတစ်မျိုးမျိုး ဖြစ်ပွား ကြသည်။
မိမိ၏ ကျန်းမာရေး၊ မိသားစု ကျန်းမာရေး၊ ရပ်ရွာလူထု၏ ကျန်းမာရေး၊ ရောဂါကာကွယ်ရေးတို့ကို စွမ်းအားရှိသမျှ ဆောင်ရွက် သွားရမည် ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ရာတွင် အိမ်ရှင်မများက အဓိကကျသည်။ အိမ်ရှင်မတိုင်းက မိသားစု ကျန်းမာပျော်ရွှင်စွာ ရပ်တည်နိုင်ရန် ထိန်းကျောင်းရာတွင် မိမိခန္ဓာကိုယ်၊ မိမိအိမ်နှင့် အိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားခြင်း၊ အာဟာရမျှတစွာ စားသုံးနိုင်ရေးစီမံခြင်း၊ သားသမီးများကို အရွယ်အလိုက် ကာကွယ် ဆေးထိုးပေးခြင်း၊ ရာသီအလိုက် ဖြစ်ပေါ်တတ်သော ရောဂါများကို သိရှိနားလည်ပြီး မိသားစုဘဝကို အလေးထားခြင်း၊ အဆွေခင်ပွန်း ကို တန်ဆေးလွန်ဘေး အရက်သောက်သုံးမှုကို အသိပေးထိန်းကွပ် ခြင်းဖြင့် စီမံဆောင်ရွက်ကြရသည်။
ရောဂါဖြစ်မှ ကုသခြင်းထက် ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ် ခြင်းသည် ပိုမိုထိရောက်သည်။ သန့်ရှင်းမှုမရှိခြင်းကြောင့် ရောဂါ ပိုးမွှားကူးစက်နိုင်သည်။ မိသားစုနေအိမ် သန့်ရှင်းရန်နှင့် အစား အစာ သန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးစသည်တို့ကို တစ်ဦး ချင်း၊ တစ်ယောက်ချင်း အလေးဂရုပြု ဆောင်ရွက်သွားကြရမည် ဖြစ်သည်။
လူတိုင်း ရောဂါဘယကင်းဝေးရေးအတွက် တစ်ဦးချင်းမှ အစပြုပြီး မိသားစုရပ်ရွာဒေသအားလုံးက ကျန်းမာရေးစောင့်ရှောက် မှု လုပ်ငန်းကို အလေးထားဆောင်ရွက်စေချင်ကြောင်း။