ရန်ကုန် ဇွန် ၂၃
မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ် ဖူဆယ်နှင့်သဲသောင်ပြင် ကော်မတီက ကြီးမှူးကျင်းပ၍ Max Energy မှ ပံ့ပိုးကူညီ ထားသည့် MFF Max Energy Futsal Amateur Cup 2024 အပျော်တန်းဖူဆယ် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကို ယမန်နေ့နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ MFF FUTSAL STADIUM ကွင်းတွင် ကျင်းပသည်။
ဖွင့်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ အာရှဘောလုံး အဖွဲ့ချုပ် အကြီးတန်းဒုတိယ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဖူဆယ်နှင့်သဲသောင်ပြင်ကော် မတီဥက္ကဋ္ဌ ဦးဝင်းသော်နှင့် တာဝန်ရှိသူများ၊ပြိုင်ပွဲဝင် အား ကစားအသင်းများ တက်ရောက် ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က ပြိုင်ပွဲ ဝင်အားကစားသမားများကို လိုက်လံနှုတ်ဆက် အားပေး စကားပြောကြားပြီး၊ဖူဆယ် ဘောလုံးများနှင့် ပြိုင်ပွဲဝင် အသင်း (၅၀)အတွက်ထောက်ပံ့ ငွေများ ပေးအပ်ရာ အားကစား သမားများက လက်ခံရယူပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်အား ဘောလုံးအားကစားသမားများ စုပေါင်းလက်မှတ်ရေးထိုးထားသည့် ဘောလုံးအင်္ကျီကို အမှတ်တရ လက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဖွင့် ပွဲစဉ်အဖြစ် COMBINE အသင်းနှင့် BUSHIDO အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို အားပေးကြည့်ရှုကြရာ ပွဲအပြီးတွင် Combine အသင်းက (၇ ၊ ၃) ဂိုးဖြင့် အနိုင်ရရှိသည်။
Max Energy Futsal Amateur Cup 2024 ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့် တက်ရောက်ခွင့်ရရှိသော အသင်းများ အနေဖြင့် MFF Futsal Championship 2024 ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက် နိုင်သော အသင်းနှစ်သင်းသည် MFF Futsal League II 2024 ပြိုင်ပွဲသို့ ဝင်ရောက်ကစားနိုင်မည့် အခွင့်ရေးရရှိမည်ဖြစ်သည်။
Max Energy Futsal Amateur Cup 2024 ပြိုင်ပွဲ အုပ်စု အဆင့်ပွဲစဉ်များကို ဇွန် ၂၂ ရက်မှ ဇူလိုင် ၈ ရက် အထိလည်းကောင်း၊ ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်များကို ဇူလိုင် ၁၀ ရက်မှ ၁၄ ရက်အထိ လည်းကောင်း၊ ဆီမီးဖိုင်နယ် ပွဲစဉ်များကို ဇူလိုင် ၁၆ ရက်တွင် လည်းကောင်း၊ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို ဇူလိုင် ၁၈ ရက်တွင် လည်းကောင်း ကျင်းပသွားမည်ဖြစ်ပြီး Max Energy Futsal Amateur Cup 2024 ပြိုင်ပွဲသည် ပြိုင်ပွဲဝင်အသင်းပေါင်း (၅၀)နှင့် ကစားသမားပေါင်း ၈၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်းသိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)