ရန်ကုန်၊ ဇွန် ၂၁
ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့က ကြီးမှူးကျင်းပသည့် နယုန်လပြည့် (မဟာသမယအခါတော် နေ့) မြတ်စွာဘုရားရှင်အားရည်စူး၍ ဆွမ်းတော်ကြီးဆက်ကပ်ခြင်း၊ ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်ခြင်း၊ ရေစက်ချအခမ်းအနားနှင့် ရွှေတိဂုံစေတီ တော်မြတ်ကြီးကို ရင်ပြင်တော်တစ်ပတ် လက်ယာရစ်လှည့်လည် ပူဇော်ခြင်း အခမ်းအနားများကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ရှေးဦးစွာ နယုန်လပြည့် (မဟာသမယအခါတော်နေ့) အခမ်း အနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးကျော်ဇေယျနှင့် အဖွဲ့ဝင်များ၊ ဝတ်အသင်းအဖွဲ့များက စေတီတော်ရင်ပြင်ဧည့်ခံ တန်ဆောင်းတွင် ဆွမ်းတော်ကြီး ဆက်ကပ်ကြသည်။
ထို့နောက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းတွင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် များက အရုဏ်ဆွမ်း ဆက်ကပ်ကြသည်။
ဆက်လက်၍ မဟာသမယအခါတော်နေ့ ရေစက်ချအခမ်းအနား ကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်
ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် မဟာဂန္ထဝါစကပဏ္ဍိတ သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တကဉ္စန ဆရာတော်ထံမှ ဧည့်ပရိသတ်အပေါင်းက ကိုးပါးသီလခံယူဆောက် တည်ကြကာ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊အလှည့် ကျသဘာပတိ ဦးကျော်ဇေယျက ဇယမင်္ဂလာအနုမောဒနာ စာတမ်း လွှာလျှောက်ထားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးကျော်ဇေယျနှင့်အဖွဲ့ဝင်များ၊ အလှူရှင် များက ဆရာတော်ကြီးများအား လှူဘွယ်ဝတ္ထုပစ္စည်းများဆက်ကပ် လှူဒါန်းကြသည်။
ဆက်လက်၍ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့ သြဝါဒါစရိယ၊ တိပိဋကသြဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃ ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ သ.စ.အ ဓမ္မာစရိယ(ဝဋံသကာ)ပါဠိပါရဂူ၊ စေတိယင်္ဂဏပဝရသိရီ မဟာဓမ္မ ဂုရု ဘဒ္ဒန္တ နာရဒါဘိဝံသ(လှရတနာ) ဆရာတော်ထံမှ အနုမောဒနာ တရားနာကြားကြ၍ ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ထို့နောက် အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ ဦးကျော်ဇေယျနှင့်အဖွဲ့ဝင်များ၊ ဝတ်အသင်းအဖွဲ့များ က ချမ်းသာကြီးတန်ဆောင်းတွင် စုရပ်ပြုလုပ်၍ အခမ်းအနား အဆောင်အယောင်များဖြင့် ရွှေတိဂုံစေတီတော်မြတ်ကြီးအားရင်ပြင် တော်တစ်ပတ်လှည့်လည်ပူဇော်ခဲ့ပြီး ရွှေတိဂုံစေတီရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ တန်ဆောင်းတွင် မဟာသမယသုတ်ရွတ်ဖတ် ပူဇော်သည်။
ဆန်းကျော်ဦး(ပြန်/ဆက်)