ရန်ကုန် ဇွန် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်း မြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီးကို ယခုနှစ်၊ နိုဝင်ဘာမှစ၍ လာမည့်ပွင့်လင်း ရာသီတွင် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း ဆွမ်းဦးပုညရှင်စေတီတော် ဂေါပက အဖွဲ့က သိရသည်။
ယခုအခါ ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီးတွင် ရွှေများ ကွာကျကာ အရောင်မှေးမှိန်လာသော ကြောင့် ဘုရားသို့ လာရောက်ဖူးမြော် ကြည်ညိုကြသော ရဟန်းရှင်လူပြည် သူများ စိတ်အေးချမ်းသာစွာ ဖူးမြော် နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်ကာ လာမည့် ပွင့်လင်းရာသီတွင် လုံးတော်ပြည့် ရွှေဆိုင်း ရွှေသင်္ကန်းများ ကပ်လှူ ပူဇော် သွားမည်ဖြစ်သည်။
"ယခင်ကတည်းက ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီးမှာ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူတာကို ငါးနှစ် တစ်ကြိမ် ဆောင်ရွက်ခဲ့ပါတယ်။ယခု အခါ ဘုရားကြီးမှာ ရွှေသင်္ကန်းက လည်း အတော်ညိုးမှိန်နေပြီဖြစ်တဲ့ အတွက်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်ပြီး လုံးတော် ပြည့် ရွှေသင်္ကန်းကပ်လှူဖို့အတွက် သီတဂူဆရာတော်ကြီးထံမှာ သြဝါဒခံယူ ခဲ့ပြီးတော့ အလှူရှင်တွေကိုလည်း ဖိတ်ခေါ်ထားပါတယ်။ လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူတာကိုတော့မိုးလေ ကင်းတဲ့အချိန် လာမယ့် ပွင့်လင်းရာသီ ကျမှ ဆောင်ရွက်သွားပါမယ်" ဟု ဆွမ်းဦးပုညရှင်စေတီတော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်။
ယခုတစ်ကြိမ် ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူရာတွင် စုစုပေါင်း ရွှေဆိုင်း ၆၀၂၅ ဆိုင်းခန့် အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိပေါက်ဈေးအရ ရွှေဆိုင်းတစ် ဆိုင်းလျှင် ငွေကျပ်နှစ်သိန်းခွဲခန့်ရှိရာ ဘုရားကြီးကို လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူ ပူဇော်ခြင်းအတွက် ငြမ်းဆင် ခြင်းလုပ်ငန်းအပါအဝင် စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၁၆၀ဝ၀ ဝန်းကျင် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဆွမ်းဦးပုညရှင် စေတီ တော်မြတ်ကြီးကို လုံးတော်ပြည့်ရွှေ သင်္ကန်းကပ်လှူပူဇော်ရာတွင် ပါဝင် ကုသိုလ်ယူ လှူဒါန်းလိုသူများသည် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဖြစ်စေ၊ ဆွမ်းဦးပုညရှင်စေတီတော် ဂေါပကအဖွဲ့သို့ဖြစ်စေ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း၊ ထို့အပြင်အလှူ ရှင်များအနေနှင့်ဘဏ်များနှင့်ချိတ် ဆက်၍ လှူဒါန်းနိုင်စေရန်အတွက် စီစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ဆွမ်းဦးပုညရှင် စေတီတော် ဂေါပကအဖွဲ့ ဖုန်းနံပါတ် ဝ၉-၂၁၃၀၁၀၆ သို့ ဆက်သွယ်စုံစမ်း နိုင်ကြောင်း သိရသည်။
ဆောင်းဦး