ရန်ကုန်၊ ဇွန် ၂၀
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဝေလငါးနှင့် ရှားပါး သည့် ဗျိုင်းမည်းငှက်မျိုးစိတ်တို့ နေထိုင်ကျက်စားရာနေရာကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက "ကျွန်းနံ့သာ" အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ဖွဲ့စည်းလိုက်သည်။
အဆိုပါ "ကျွန်းနံ့သာ"အဏ္ဏဝါအမျိုးသားဥယျာဉ်သည် စုစု ပေါင်း ဧရိယာ ဧက၂၃,၀၀၀ ရှိပြီး ဘူမိရုပ်သွင်ထူးခြားသည့် ကျွန်း တစ်ခုဖြစ်ကာ ဂွမြို့နယ်၊ ကျိန္တလီမြို့၏ အနောက်ဘက် ရေမိုင် ၂၄ မိုင်အကွာတွင် တည်ရှိသော ရခိုင်ကမ်းရိုးတန်းဒေသတစ်ခုဖြစ်သည်။
အဆိုပါဒေသတွင် အဏ္ဏဝါမျိုးစိတ်များဖြစ်သည့် ပြင်သာလိပ်၊ လိပ်လှောင်း၊ လိပ်ကြက်တူရွေး၊ လိပ်စောင်းလျား၊ လိပ်ခွေး နှင့် ဝေလငါး၊ ငါးမန်းဖလောင်း၊ ရေဝက်၊ ငါးမန်း အမျိုးမျိုး၊ ငါးလိပ်ကျောက်၊ ရှားပါးသည့် ဗျိုင်းမည်းငှက်မျိုးစိတ်တို့ နေထိုင်ကျက်စားကြောင်း သိရသည်။
ထို့ပြင် ကျွန်းပတ်လည် ပင်လယ်ရေအောက်တွင် ရွှံ့မီးတောင်နှင့် သန္တာကျောက်တန်းများ တည်ရှိခြင်းကြောင့် ယခုကဲ့သို့ အဏ္ဏဝါ အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်လိုက်ခြင်းဖြင့် ယင်းတို့ကို ထိန်းသိမ်း နိုင်မည့်အပြင် မျိုးသုဉ်းအန္တရာယ်ရှိ အဏ္ဏဝါ မျိုးစိတ်များနှင့် ၎င်းတို့၏ နေရင်းဒေသများ၊ ကမ်းရိုးတန်းဂေဟစနစ်များကိုလည်း ကာကွယ် စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ ကျွန်းအနီးပတ်ဝန်းကျင်ရှိဒေသခံကျေးရွာ ၁၀ ရွာမှ ဒေသခံရခိုင်လူမျိုးများ၏ မိရိုးဖလာ ငါးဖမ်းဆီးသည့် လုပ်ငန်းကို လည်း စနစ်တကျစီမံအုပ်ချုပ်နိုင်မည်ဖြစ်ပြီး ဥပဒေနှင့်အညီ ကာကွယ် ထိန်းသိမ်းနိုင်မည် ဖြစ်ကြောင်း သိရသည်။
(008)