ရန်ကုန် ဇွန် ၂၀
မြန်မာ-တရုတ်နှစ်နိုင်ငံ အရပ်ဖက်အဖွဲ့အစည်းများမှ ဦးစီး ကျင်းပသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ် ထုတ်ပြန်ခြင်း နှစ်(၇၀)ပြည့်အထိမ်းအမှတ် အခမ်းအနားကို ယမန် နေ့နံနက်ပိုင်းက အလုံမြို့နယ်ရှိ တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ နိုင်ငံ ရေးရာသံမှူး Ms.Qiao Li က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနုနှင့် တရုတ်-မြန်မာနှစ်နိုင်ငံအရပ်ဘက်အဖွဲ့အစည်းများမှတာဝန်ရှိသူတို့က အမှာစကားများ အသီးသီးပြောကြားကြသည်။
ယင်းနောက် အခမ်းအနား တက်ရောက်ကြသူများ စုပေါင်း မှတ်တမ်းပုံရိုက်ကြပြီး ခင်းကျင်းပြသထားသည့် "Nihao China မင်္ဂလာအဖြာဖြာဆုံစည်းရာ လက်ဖက်ရည်ကြမ်း အနုပညာခရီး သွား" ဓာတ်ပုံပြပွဲကို ကြည့်ရှုလေ့လာကြသည်။
မြန်မာ-တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို ၁၉၅၀ ပြည့် နှစ်တွင် စတင်ခဲ့ပြီး နှစ်နိုင်ငံငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက်ဖြစ်သည့် နိုင်ငံတစ်နိုင်ငံ၏ နယ်နိမိတ်နှင့်အချုပ်အခြာ အာဏာကို အခြားတစ်နိုင်ငံက လေးစားရန်၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်မှုမပြုရန်၊ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်၊ တန်းတူညီတူ အပြန်အလှန် အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်ရန်နှင့် လူမှုစနစ် မတူညီသည့်နိုင်ငံများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင် ရန်ဟူသည့် မူကြီးငါးရပ်ကို ထိုစဉ်က နှစ်နိုင်ငံဝန်ကြီးချုပ်များက ၁၉၅၄ ခုနှစ်၊ ဇွန် ၂၉ ရက်တွင် ရန်ကုန်မြို့၌ လက်မှတ်ရေးထိုး ကြသည်။
ယင်းမူကြီးငါးချက်နှင့်အညီ မြန်မာနိုင်ငံသည် အခြားသောနိုင်ငံ များနှင့်မိတ်ဖက်ဆက်ဆံရေးကို ဆောင်ရွက်ခဲ့သည်။
CN –MNA