ရန်ကုန် ဇွန် ၁၉
ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များသည် တိုင်းဒေသကြီး ဌာန ဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ ၍ ယမန်နေ့ နံနက်ပိုင်းက တွံတေးမြို့နယ်၊ အခြေခံပညာ နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၊ ပညာ့ အလင်းရောင် စာကြည့်တိုက်နှင့် တိုက်ရိုက်မျိုးစေ့ချ ကိရိယာ (Seeder) ဖြင့် စပါးစိုက်ပျိုးနေမှု များကို လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဝန်း တောကျေးရွာ အခြေခံပညာ နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေး အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၆၂ ဦးတို့၏ ပညာသင်ကြားနေမှု များကို လှည့်လည်ကြည့်ရှု၍ အားပေးစကား ပြောကြားပြီး တာဝန်ရှိသူများအား လိုအပ် သည်များ မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပညာ့ အလင်းရောင် စာကြည့်တိုက်သို့ ရောက်ရှိရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စာကြည့်တိုက် တွင် သုတ၊ ရသစာအုပ် ၂၅၀၀ ကျော်အား ပညာရပ်အလိုက် စာရင်းပြုစု ထားရှိမှုများနှင့် စာကြည့်တိုက် လည်ပတ် ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြသည်။ ယင်းနောက် နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီးတို့က လှူဒါန်း သည့် လူထုသိပ္ပံကျမ်း အတွဲ(၁) မှ (၅) အထိ ငါးအုပ်နှင့် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က လှူဒါန်းသည့် သုတ၊ ရသ စာအုပ် ၅၀ ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ကပေးအပ်ရာ ကျေးရွာ စာကြည့်တိုက်ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် ကျေးရွာစာကြည့်တိုက်မှူး တို့က လက်ခံရယူကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တွံတေး နှင့် မအူပင်ကြားရှိ ခတ္တိယချောင်း အတွင်း၌ ဗေဒါပင်များပြည့်ကျပ် နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရေလမ်းခရီး အသုံးပြုသူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင် ရေး တာဝန်ရှိသူများအား အမြန် ဆုံး ရှင်းလင်းရန် မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကုလား တန်းကျေးရွာတွင် တောင်သူ ဦးအောင်မြင့်စိန်၏ ၆ ဒသမ ၄၆ ဧကတွင် ရက်ပေါင်း ၁၂၀ သက်တမ်းရှိ YSR-1 မျိုးစပါးကို Seeder ဖြင့် လက်တွေ့စိုက်ပျိုး ပြသခြင်းကို တက်ရောက်အားပေး ပြီး Seeder ဖြင့် စိုက်ပျိုးခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးများကို ပြောကြားကာ စိုက်ပျိုးရေးအသိ ပညာပေး ဗီနိုင်းများကို ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူ များအား အခမဲ့ဖြန့်ဝေပေးသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)