ရန်ကုန်၊ ဇွန် ၁၉
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာ ဌာန(ရေနှင့်သန့်ရှင်းမှု)က စီစဉ်ကြီးကြပ်မှုဖြင့် ရေအရေးပါပုံ၊ ရေတန်ဖိုး၊ ရေပေးဝေမှုဆိုင်ရာနှင့် ရေဆိုးစွန့်ပစ်မှုဆိုင်ရာများကို ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတရရှိစေရန်ရည်ရွယ်ပြီး ပညာ ပေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက လသာမြို့နယ်၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ၌ ကျင်းပသည်။
အဆိုပါ အသိပညာပေးပွဲတွင် အမှတ် (၁) အခြေခံပညာအထက် တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်ဝင်းက အဖွင့်အမှာ စကားပြောကြားပြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ဒုတိယဌာနမှူး (ညွှန်ကြား ရေးမှူး) ဒေါ်သင်းသင်းစိုးက ရေပေးဝေရေးသမိုင်းကြောင်း၊ ရေ သံသရာလည်ပုံ၊ ရေသန့်စင်စနစ်နှင့် ရေဆိုးစွန့်ပစ်မှုဆိုင်ရာများကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားသည်။
"ရေက လူတွေရဲ့နေ့စဉ်ဘဝမှာ မပါမဖြစ်အရေးကြီးတယ်ဆို တဲ့အကြောင်းကို သိရှိစေဖို့၊ ကမ္ဘာကြီးမှာရေချိုရှားပါးလာ၍ ကလေး တွေကို ရေရဲ့ အရေးပါပုံ၊ ရေချိုရှားပါးလာမှုကြောင့် ရေကိုဘယ်လို တန်ဖိုးထားပြီးသုံးစွဲရမယ်၊ ရန်ကုန်မြို့လိုနေရာမှာသာ မြို့တော် စည်ပင်က ရေပေးဝေလို့ အဆင်ပြေနေပေမယ့် ရန်ကုန်မြို့ရဲ့ပြင်ပ နေရာတွေမှာ ရေရှားပါးမှုတွေရှိနေတယ်၊ ဒီလိုရေရှားပါးမှုတွေကို ကလေးတွေကမသိဘူး၊ ဒါကြောင့်ကလေးတွေကို ငယ်စဉ်ကတည်း က ရေကိုအကျိုးရှိစွာအသုံးပြုဖို့၊ ရေကိုချွေတာသုံးစွဲဖို့ လေ့ကျင့်ပေး တဲ့သဘောနဲ့ ဒီလိုပညာပေးအစီအစဉ်တွေ ပြုလုပ်ပေးတာဖြစ်ပါ တယ်" ဟု အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ဒုတိယဌာနမှူး (ညွှန်ကြားရေးမှူး) ဒေါ်သင်းသင်းစိုးက ပြောသည်။
အဆိုပါ အသိပညာပေးပွဲတွင် အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) ဒုတိယဌာနမှူး (ညွှန်ကြားရေးမှူး) ဒေါ်သင်းသင်းစိုးက ကျောင်းအုပ်ဆရာကြီးထံ စာကြည့်တိုက်အတွက် "ရေကြည်တစ် ပေါက်" စာအုပ်နှစ်အုပ် လှူဒါန်းပြီး ဌာနအမည်နှင့် Logo ပါဝင် သော လက်ကမ်းစာအုပ်နှင့် စာရေးကိရိယာများကို ကျောင်းသား ကျောင်းသူများအား လက်ဆောင်ပေးအပ်သည်။
သတင်း-ရဲနန္ဒာလင်းမြင့်/ဓာတ်ပုံ-ရွှေဝင်း