ဇူလိုင် ၄
အူကျွံ၊ အူကျရောဂါကို ဆေးသိပ္ပံနည်းအရ Hernia ဟုခေါ်သည်။ အူကျွံ၊ အူကျခြင်းသည် သေလောက်သည့် ရောဂါဟု မဆိုသော်လည်း ၎င်းရောဂါဖြစ်ပါက သောက်ဆေး၊ ထိုးဆေး၊ လိမ်းဆေးဖြင့်မရနိုင်ဘဲ ခွဲစိပ်ကုသမှု တစ်မျိုးတည်းသာ ခံယူရသည်။ ရောဂါဖြစ်စတွင် ခွဲစိပ်ကုသမှုခံယူခြင်းက လုံးဝပျောက်ကင်းနိုင်ခြေရှိပြီး၊ မကုသဘဲထားပါက အသက်အန္တရာယ်ဖြစ်စေသည့်အတွက် ပေါ့ပေါ့ဆဆ မနေသင့်ပေ။ အူကျွံ၊ အူကျခြင်းသည် အမျိုးသားများသာမက၊ အမျိုးသမီးများ၊ ကလေးငယ်များတွင်လည်း ဖြစ်တတ်သည်။
ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးနယ်ပယ်အသီးသီးမှ အသင်းအဖွဲ့များက ကမ္ဘာသူ၊ ကမ္ဘာသားများ အူကျွံ၊ အူကျရောဂါအကြောင်း သိနားလည်ပြီး မပေါ့ဆစေလိုသော ရည်ရွယ်ချက်ဖြင့် နှစ်တစ်နှစ်၏ ဇွန်လ တစ်လလုံးကို Hernia Awareness Month အဖြစ် အထူးတလည် သတ်မှတ်ထားရခြင်းဖြစ်ပါသည်။ ကမ္ဘာပေါ်၌ မြန်မာနိုင်ငံတွင် အူကျွံ၊ အူကျ ရောဂါအဖြစ်များသော ရောဂါတစ်ခုဖြစ်ပြီး၊ မှတ်တမ်းများအရ ရန်ကုန်မြို့ တစ်ခုတည်းမှာပင် ကလေးဆေးရုံ၌ လစဉ် ကလေး ၁၀ ဦးခန့် အူကျွံ၊ အူကျရောဂါကြောင့် ခွဲစိပ်ရကြောင်း သိရသည်။ မြန်မာတစ်ပြည်လုံး အတိုင်းအတာနှင့်တွက်ကြည့်ပါက ရာခိုင်နှုန်းများနိုင်မည်ဖြစ်သည်။
အူကျွံခြင်း၊ အူကျခြင်း
သဘာဝအားဖြင့် အူများသည် ဝမ်းခေါင်းထဲတွင်ရှိနေရမည်။ သို့သော် အကြောင်းတစ်ခုခုကြောင့် ဝမ်းခေါင်းနံရံ ကြွက်သားများ အားနည်းခြင်း (သို့မဟုတ်) နံရံတွင် အပေါက်ဖြစ်ခြင်း (သို့မဟုတ်) လေဟာနယ်ဖြစ်ခြင်း (သို့မဟုတ်) ပျော့ပြောင်းသွားခြင်း စသည့်အချိန်တွင် ဝမ်းခေါင်းထဲမှ အူများအပြင်သို့ထွက်ကာ အဖုဖြစ်လာ သည်။ ၎င်းကို “အူကျွံရောဂါ” ဟုခေါ်သည်။ ပေါင်ခြံတွင် အူက အောက်သို့ဆင်းသွား၍ “အူကျရောဂါ” ဟုခေါ်သည်။ သို့သော် ၎င်းရောဂါ နှစ်မျိုးစလုံးက အူများ အပြင်ကို ထွက်လာခြင်းဖြစ်၍ အူကျွံရောဂါဟုသာ ပြောလေ့ရှိသည်။ ထိုအခြေအနေတွင် ခွဲစိပ်မှုခံယူရသည်။ အမျိုးသားတွင် ကျွံနေသော အူက ကပ္ပယ်အိတ်ထဲ ဝင်သွားရာမှ ကပ္ပယ်အိတ်ကြီးလာတတ်သည်။ တချို့က အူကျွံရောဂါကို ရေမုတ်ရောဂါနှင့် မှားတတ်ကြသည်။ ရေမုတ်ရောဂါသည် ကပ္ပယ်အိတ်ထဲတွင် ရေများစုပြီး ကြီးလာခြင်းကိုခေါ်သည်။ ၎င်းရေမုတ်ရောဂါသည်လည်း ခွဲစိပ်ကုသရသည့် ရောဂါဖြစ်သည်။
ကြွက်သားများ အားပျော့ပြောင်းဆုံးသော နေရာဖြစ်သည့် ဝမ်းခေါင်းနံရံ အလယ်တည့်တည့်တွင် အူကျွံလေ့ရှိသည်။ ချက်ပတ်ပတ်လည်တွင်လည်း ဖြစ်တတ်သည်။ အားပျော့သော ပေါင်ခြံတွင်လည်း အူကျွံနိုင် သည်။ ရံဖန်ရံခါ နောက်ကျောဘက် အူကျွံသူများလည်း တွေ့ရသည်။ ရုတ်တရက် အလေးအပင်မခြင်း၊ ချောင်းအလွန်ဆိုးခြင်းကြောင့် ရောဂါဖြစ်လာနိုင်သည်။ ပက်လက်လှဲအိပ် အနားယူကာ၊ ထွက်ကျလာသော အူအဖုလေးကို ဖြည်းဖြည်းချင်းချော့၍ ထိုးသွင်းခြင်းဖြင့် သက်သာသွားနိုင်သော်လည်း ရောဂါလုံးဝ ပျောက်ကင်း သည်ဟု မဆိုနိုင်ပေ။ ထို့ကြောင့် ပထမတစ်ကြိမ် ဖြစ်စမှာပင် ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘဲ ဆရာဝန်ဖြင့် ဆွေးနွေးပြသင့်သည်။
အရွယ်အားလုံးဖြစ်နိုင်
လူအများစုက အူကျွံ၊ အူကျရောဂါကို အမျိုးသားများတွင်သာ ဖြစ်တတ်သည်ဟု ထင်နေကြသည်။ သို့သော် ကလေးသူငယ်များနှင့် အမျိုးသမီးများတွင်လည်းဖြစ်တတ်သည်။ ကလေးများတွင် မွေးရာပါ အဖြစ်များသည်။ မွေးရာပါကြွက်သားများ ကောင်းကောင်း မဖွံ့ဖြိုးသေးသဖြင့် မွေးကင်းစကလေးများမှာ အူကျွံခြင်းကို ဖြစ်စေသည်။ တချို့ကလည်း မွေးကင်းစမှာ မသိသာ သေးသော်လည်း ၁ လ၊ ၂ လ ကျော်လောက်မှ ရောဂါပေါ်လာသည်။ အငိုသန်သော ကလေးငယ်များနှင့် အဝလွန်သော ကလေးများတွင် အူကျွံနိုင်ခြေ အလားအလာ ပိုများသည်။ တချို့က အသက် ၅ နှစ် မှ ၁၀ နှစ် ရောက်မှသာ ရောဂါပေါ်လာ သည်။ သက်လတ်ပိုင်း အမျိုးသမီးများတွင် ချက်မှာ အဖြစ်များပြီး၊ ပေါင်ခြံမှလည်း အူကျတတ်သည်။ အမျိုးသားများ ပေါင်ခြံတွင် အားနည်းသလို၊ လေးလံသလို၊ ပူစပ်သလိုခံစားရပါက အူကျွံ၊ အူကျလက္ခဏာဖြစ်၍ ချက်ချင်းသိနိုင်သည်။ ကျား၊မ အဝလွန်သူများ၊ ဝမ်းဗိုက်အဆီပြင်ထူသူများ၊ အားကစားလေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်သူများ၊ ဝမ်းဗိုက်ညှစ်အားများသူ၊ ဝမ်းချုပ်သူများ၊ ဆီးချုပ်သူများ၊ အလွန်အမင်း ချောင်းဆိုးသူများ၊ ရေဖျင်းစွဲသူများ နှင့် အသည်းရောဂါရှိသူများတွင် ၎င်းရောဂါဖြစ်နိုင်သည်။ သက်ကြီးပိုင်းတွင် ကြွက်သားအားနည်းလာသဖြင့် အူကျွံ၊ အူကျ ရောဂါ အဖြစ်များသည်။
ကုသနည်း
ထွက်လာသော အူများက ညပ်နေပြီး ပုံစံမမှန် ခေါက်လိပ်သွားသည် (သို့မဟုတ်) လိမ်သွားသည်။ တဖြည်းဖြည်း ကြာလာသည်နှင့်အမျှ အူပုပ်သွားသည်။ အူပုပ်ပါက ၎င်းအူထဲရှိ ရောဂါပိုးများသည် ခန္ဓာကိုယ်ထဲ ပျံ့နှံ့သွားပြီး နောက်ဆုံးတွင် အသက်အန္တရာယ်စိုးရိမ်ရသည်အထိ ဖြစ်နိုင်သည်။ ထို့ကြောင့် အချိန်မီ ခွဲစိပ်ခံယူခြင်း တစ်မျိုးတည်းဖြင့်သာ ကုသနိုင်ပါသည်။ ရှေးယခင်က ခွဲစိပ်၍ အူကျသောအပိုင်းကို ဖယ်ထုတ်နည်း၊ အပြင်မှ ဆန်ခါခံသော နည်းများဖြင့် ခွဲစိပ်ကြသည်။ ယခုနောက်ပိုင်း အပေါက်လေးဖောက်ပြီး key hole ဖြင့် ခွဲစိပ်သည်။ ၎င်းခွဲစိပ်နည်းက ချက်တွင်လည်း လုပ်နိုင်သလို၊ ပေါင်ခြံက အူကျရောဂါကို လည်း အပေါက်ကလေးဖောက်၍ key hole surgery နည်းဖြင့် ခွဲစိပ်သည်။ လူနည်းစုမျှလောက်သာ ဖာထေးခြင်းဖြင့် ကုသ၍ရသည်။ သို့သော် အသက်အရွယ်ကြီးရင့်သူများအတွက် ခွဲစိပ်ခံယူရန် အဆင်မပြေနိုင်သဖြင့် အူကျွံခါးပတ်ပတ်၍ ဖိထားခြင်းဖြင့် သာ ရောဂါကို ထိန်းထားရပါသည်။ ပန်းနာရင်ကျပ်ဖြစ်၍ မပြတ်ချောင်းဆိုးနေသူ၊ ဝမ်းအမြဲချုပ်သူများတွင် ခွဲစိပ်မှု ရာနှုန်းပြည့် မအောင်မြင်တတ်ပေ။
ခွဲစိပ်ပြီးနောက် နေထိုင်မှုပုံစံ
အနာမကျက်ခင် ဗိုက်စည်းလေးနှင့် နေသင့်ပါသည် (သို့သော် ညအိပ်ချိန် ဗိုက်စည်း မလိုအပ်ပေ)။ ခွဲစိပ်ပြီးနောက် ပိုးဝင်၊ မန်းဝင် သွားပါက ၎င်းနေရာတွင် အားပြန်ပျော့ပြီး တဖန် အူကျွံတတ်၍ ပိုးမဝင်အောင် သတိထား နေထိုင်ရပါမည်။ အရွယ် အားလုံးတွင် ခွဲစိပ်ကုသမှုခံယူပြီးနောက် ကိုယ်အလေးချိန် မတက်အောင်၊ ဝမ်းဗိုက်အဆီ မစုအောင် သတိထား၍ weight ချရပါမည်။ သို့မဟုတ်ပါက ပျော့ပျောင်းသော အဆီပြင်များ ကြောင့် ဝမ်းဗိုက်နံရံအားပျော့သွားကာ အူကျွံခြင်းကိုထပ်မံဖြစ်စေနိုင်သည်။ ခွဲစိပ်မှုခံယူပြီးနောက် ၆လ ကြာသည်အထိ အလေးအပင်မခြင်း၊ အားကစားပြင်းပြင်းလုပ်ခြင်း၊ ရေကူးခြင်းကိုလည်း ရှောင်ရပါ မည်။ ဝမ်းချုပ်၊ ဆီးချုပ်ခြင်း မဖြစ်အောင် အထူးသတိထားရမည်။ သို့မဟုတ်ပါက အနာကောင်းကောင်း မကျက်သေးခင် အူများပေါ် ညှစ်အား(pressure) သက်ရောက်မှု ဖြစ်စေ၍ ရောဂါသက်သာပျောက်ကင်းရန် ကြန့်ကြာတတ်ပါသည်။ အတွင်းခံဘောင်းဘီ ကျပ်ကျပ်ဝတ်ပါ။ ဝမ်းပျော့ပျော့သွားစေရန် ဟင်းသီးဟင်းရွက် ပိုစားပါ။ အမျှင်များသောအစာများ ပိုစားပါ။ ရေများများသောက်ပါ။ အထိုင်မများဘဲ ပေါ့ပေါ့ပါးပါး သွားလာ လှုပ်ရှားပါ။
အချုပ်အားဖြင့်ဆိုသော် အူကျွံ၊ အူကျရောဂါသည် ခွဲစပ်ကုသမှု ခံယူခြင်းကလွဲ၍ တခြားနည်းဖြင့် ကုသ၍ မပျောက်ကင်းနိုင်ပေ။ ဖြစ်ဖြစ်ချင်းကုသခြင်းက ဝေဒနာခံစားရ သက်သာသလို၊ ပျောက်ကင်းမှုလည်း မြန်ဆန်ပါသည်။ အူကျွံရောဂါက ချက်ချင်းလက်ငင်း အသက်အန္တရာယ်ကို ထိခိုက်စေတတ်သော ရောဂါ မဟုတ်သော်လည်း ဆေးကုသမှု ကောင်းစွာမခံယူပါက နောက်ဆက်တွဲ ဆိုးကျိုးများစွာ ဖြစ်လာနိုင်ပြီး အသက်အန္တရာယ်ကို ထိခိုက်လာစေနိုင်ပါသည်။ ထို့ကြောင့် မပေါ့ဆသင့်သော အူကျွံ၊ အူကျရောဂါအကြောင်းကို ကျန်းမာရေး သတိရှိကြစေဖို့ ရေးသား အကြံပြုလိုက်ရပါသည်။ ပေါက်ပေါက်