နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
We Love Yangon အဖွဲ့အကြောင်းအား ပြည်သူများသိရှိစေရန် ရည်ရွယ်၍ မြို့တော်သတင်းဌာနမှ သွားရောက်တွေ့ဆုံမေးမြန်း

ရန်ကုန် ဧပြီ ၈ COVID-19 ရောဂါ ကာကွယ်တားဆီးရေးကာလတွင် ရန်ကုန်မြို့နေပြည်သူလူထုအတွက် စားနပ်ရိက္ခာ ပို့ဆောင်ကူညီရေးအစီအစဉ် အနေဖြင့် လူထုအခြေပြုပရဟိတအဖွဲ့ဖြစ်သည့် We Love Yangon အဖွဲ့အကြောင်းအား ပြည်သူများသိရှိစေရန် ရည်ရွယ်၍ We Love Yangon ၏ EC အဖွဲ့ဝင် ကိုစန်းမောင်မောင်ကို ဧပြီ လ ၇ ရက် နေ့လည်ပိုင်းက မြို့တော်သတင်းဌာနမှ သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။ "ရန်ကုန်မြို့နေပြည်သူလူထုရဲ့ လူမှုဘဝသာယာလှပရေးအတွက်ဆိုပြီး မတ် ၅ ရက်မှာ စတင်ဖြစ်ပါတယ်။ သန့်ရှင်းရေးနဲ့ပတ်သက်တာတွေ၊ ကျန်းမာရေးနဲ့ ပတ်သက်တာတွေ၊ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေးတွေရဲ့ တချို့နေရာလေးတွေမှာ မြန်မြန်ရွေ့လို့ရအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ စပြီးဦးတည်ခဲ့တာပါ။ We Love Yangon မှာ ကော်မတီ ၁၂ ခုလောက်ရှိပါတယ်။ အခုလှုပ်ရှားဆောင်ရွက်နေတာက အရေးပေါ်ကာလ စီမံခန့်ခွဲရေး၊ စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီကနေ ဆောင်ရွက်နေတာပါ" EC အဖွဲ့ဝင် ကိုစန်းမောင်မောင် ကပြောသည်။ ထိုသို့ကူညီဆောင်ရွက်ရာတွင် မူလဈေးနှုန်းထက် အသက်သာဆုံးဈေးနှုန်းဖြင့် အကျိုးအမြတ် မယူဘဲ ပံ့ပိုးကူညီပေးလျက်ရှိပြီး ၎င်း အဖွဲ့၏ ဥက္ကဋ္ဌ မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင် ဒေါ်သန်းမြင့်အောင်ဖြစ်ပြီး EC အဖွင့်အဖွဲ့ဝင်များ အနေဖြင့်၂၁ ဦးနဲ့ စတင် ဖွဲ့စည်းခဲ့ရာ ယခုလက်ရှိ တွင် အွန်လိုင်းမှ တဆင့်ကြော်ငြာပြီး စေတနာရှင် Volunteer ကိုခေါ်လိုက်သည့်အတွက် တစ်နေ့လျှင် တစ်ရာကျော်လောက် ရောက်လာပြီး ကူညီနေ ကြကြောင်းသိရသည်။ "COVID-19 ရောဂါပြဿနာဖြစ်လာတယ်။ ဒီရောဂါက ကပ်ရောဂါသဘောမျိုးဖြစ်လာပြီး အခြားနိုင်ငံတွေများ လူတွေအများကြီးသေကြတယ်။ လူတွေအများကြီးစုဝေးနေတဲ့နေရာကနေ ကူးသွားလို့ရှိရင် အသက်ကြီးပိုင်းတွေက အဖိတ်အစင်များတယ်။ ကျွန်တော်တို့က အဲဒီလို မဖြစ်စေချင်တဲ့ဆန္ဒနဲ့ လူတွေကို အိမ်ထဲမှာပဲနေ၊ ကျွန်တော်တို့က အရောက်လိုက်ပို့မယ်ဆိုပြီး စလုပ်ခဲ့တယ်။ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ မနက် ၁၀ နာရီလောက်ကနေစပြီး အော်ဒါလက်ခံလိုက်တယ်။ အဲဒီအော်ဒါမှာတဲ့ဟာတွေကို ကောက်ထားပြီး သုံးရက် လောက်အတွင်းမှာ အိမ်အထိ အရောက်လိုက်ပို့ပါတယ်။ ပစ္စည်းရောက်မှ ကျသင့်ငွေကို ကောက်ခံပါတယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။ We Love Yangon အား စပြီးဆောင်ရွက်ခဲ့သည်မှာ တောင်ဥက္ကလာမြို့နယ်မှ အခြေချ၍ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ခရိုင်လေးခု ခွဲလုပ်၍ယခုလက်ရှိတွင်တောင်ဥက္ကလာ၊မင်းဓမ္မ၊ MCC ၊ အထက(၄) အလုံ၊တောင်ဒဂုံဘက်တွင် ဖြစ်ပြီး ယခု COVID-19 ရောဂါ ကာကွယ်တားဆီးရေးကာလတွင် မြို့နယ်အလိုက် လှုပ်ရှားနေသည်များကိုလည်းတွေ့ ရှိရသည်။ "ကျွန်တော်တို့သွားနေတာက နှစ်ပိုင်းရှိတယ်။ တစ်ပိုင်းက အရောင်းပိုင်းပါ။ အဲဒီမှာ Package A, B, C ဆိုပြီး ၁၆၀၀၀ ကျပ်တန်ရယ်၊ ၁၂၀၀၀ ကျပ်တန်ရယ်၊ ၁၀၀၀၀ ကျပ်တန်ရယ် သုံးမျိုးရောင်း ပေးတယ်။ အမျိုးအစားတော့မတူဘူး။ အမျိုးအစား ၈ မျိုးပါတယ်၊ ၆ မျိုးပါတယ်၊ ၄ မျိုးပါတယ်။ ဒါက ရောင်းပေးတဲ့ အပိုင်း။ တချို့ကျတော့ ဆင်းရဲနွမ်းပါးတဲ့သူတွေ၊ အခြေခံလူတန်းစားတွေကို လှူချင်တယ်ဆိုတာ ရှိလာတယ်။ လှူချင်တဲ့အခါကျတော့ မျှဝေခြင်းအစီအစဉ်ဆိုတဲ့ အလှူကဏ္ဍတစ်ခု ဖွင့်ပေးလိုက်တယ်။ အလှူပိုင်းမှာ နည်းနည်း ပြန်ထပ်ခွဲသွားတာက တချို့ကျတော့ အစားအသောက်ပစ္စည်းလာလှူတယ်။ တချို့ကျတော့ Volunteer တွေ အတွက်လှူတယ်။ တချို့ကျတော့ Quarantine ဌာနကိုလှူပေးပါ၊ ဝေဘာဂီဆေးရုံကိုလှူပေးပါ စသဖြင့် အဲဒီလို လှူတာလည်း ရှိတယ်။ တချို့ကျတော့ Package ဘယ်လောက်ကို လူအယောက် ၁၀၀ စာ ပိုက်ဆံလှူခဲ့မယ်၊ အဲဒါကို လှူပေးပါဆိုပြီးရှိတယ်။ အဲ့ဒါတွေကို ဘောက်ချာနဲ့ စာရင်းယူထားပြီး ပြန်သွားလှူပေးမယ်။ အခြားVolunteer တွေက Quarantine ဌာနတွေမှာ လိုအပ်ရင် ထပ်သွားကူညီချင်နေတဲ့သူမျိုးတွေလည်းရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဆရာမ ဒေါ် ‌သန်းမြင့်အောင်က စာရင်းကောက်ထားတာရှိတယ် ဟု အဖွဲ့ဝင် ကိုစန်းမောင်မောင်ကပြောသည်။ We Love Yangon မှ စားသောက် ကုန်ပစ္စည်းများ မှာယူလိုပါက 09669978151, 09669978152, 09669978153, 09669978154, 09669978155 တို့သို့ ဆက်သွယ်မှာယူနိုင်ကြောင်းသိရသည်။ မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ