နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
YBS ခရီးသည်တင်ယာဉ်များ တိုးချဲ့ပြေးဆွဲနေသော်လည်း စီးနင်းသူဦးရေမှာ ယခင်ကာလနှင့်နှိုင်းယှဉ်ပါက ရာခိုင်နှုန်း ၅ဝ ခန့်သာရှိ

ရန်ကုန်    ဇူလိုင် ၄


YBS ယာဉ်လိုင်းများအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ယာဉ်အစီးရေလျှော့ချပြေးဆွဲခဲ့ရာ မှ  ယခုအခါတွင် ယာဉ်အစီးရေ ရာခိုင်နှုန်း ၈ဝ အထိ တိုးချဲ့ပြေးဆွဲပေးနေသော်လည်း  စီးနင်းသူဦးရေမှာ ယခင်ကာလနှင့် နှိုင်းယှဉ်ပါက  ရာခိုင်နှုန်း ၅ဝ ခန့်သာရှိကြောင်း ပါရမီမြို့တွင်းခရီးသည်ပို့ဆောင်ရေးလုပ်ငန်းYBS တာဝန်ခံ ဒါရိုက်တာ ဦးဝင်းနိုင်က ပြောသည်။

''ခရီးသည်က ယခင်အရေအတွက်ထက်စာရင် ရာခိုင်နှုန်း ၅ဝ လောက်ပဲစီးနင်းတယ်။ ဇူလိုင်လ အတွင်းမှာ လက်ရှိအနေအထားအရ စာသင်ကျောင်းတွေဖွင့်မယ်လို့ ကြားသိနေရတာရှိတယ်။ ဖွင့်မယ်၊ မဖွင့် ဘူးဆိုတာကတော့နိုင်ငံတော်အစီအစဉ်နဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ယာဉ်လိုင်း တွေအများစုကလည်း ကျောင်းတွေ၊ စျေးတွေကိုပဲအဓိကထား ပြေးဆွဲတဲ့ယာဉ်လိုင်းတွေဖြစ်ပါတယ်။ အဲဒီကာလရောက်ရင်တော့ ထွက်မယ့်ယာဉ်အရေအတွက်က နဂိုမူလအနေအထားလောက်ဖြစ်လာနိုင်သလို၊ စီးနင်းမယ့်သူတွေကလည်း လက်ရှိရာခိုင်နှုန်း ၅ဝ ထက် နည်းနည်းလေးတိုးလာမယ်လို့ သုံးသပ်ပါတယ်''ဟု ယင်းကပြောသည်။


YRTA မှ ထုတ်ပြန်သော စာရင်းများအရ ကိုဗစ်-၁၉ မဖြစ်ပေါ်မီကာလ YBS ယာဉ်ပေါင်း ၆ဝဝဝ ခန့်ရှိသည့်အနက် နေ့စဉ်တစ်ရက်လျှင် ယာဉ်အစီးရေပျမ်းမျှ ၄၅ဝဝ ဝန်းကျင်ပြေးဆွဲပေးလျက်ရှိပြီး လိုက်ပါ စီးနင်းသူဦးရေမှာ တစ်ရက်လျှင် ၁၈ သိန်းမှ ၂၄ သိန်း ဝန်းကျင်ရှိကြောင်း သိရသည်။

YBS ပြေးဆွဲမှုအခြေအနေက ပြည်သူလူထုရဲ့သွားလာမှုပေါ်မူတည်ပြီး တိုးချဲ့ပြေးဆွဲဆောင်ရွက် နေပါတယ်။ အဲဒီနေရာမှာပြန်ကြည့်ရင် ကိုဗစ်မတိုင်မီအခြေအနေရောက်အောင်တော့ ပြေးဆွဲပေးဖို့ ကြိုးစားနေတယ်။ သို့သော် ခရီးသွားပြည်သူလူထုရဲ့ အနေအထားက လက်ရှိရောဂါကာကွယ် ထိန်းချုပ်ရေး ကန့်သတ်ချက်တွေရှိသေးတယ်။ လိုက်နာရမယ့်အချက်တွေရှိသေးတယ်။ ဒါကြောင့် ခရီးသွားပြည်သူ ထွက်ရှိမယ့် အနေအထားက အရင်အနေအထားရောက်ဖို့ဆိုတာပြောလို့ မရနိုင်ဘူး''ဟု YRTA မှ တွဲဖက် အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။


ကိုဗစ်-၁၉ မတိုင်မီကာလ  ယာဉ်အစီးရေထွက်ရှိမှု၊ ခရီးသည် စီးနင်းလိုက်ပါမှုနှင့်နှိုင်းယှဉ်ပါက ဧပြီလတွင် ယာဉ်အစီးရေ ၃၃ ရာခိုင်နှုန်းပြေးဆွဲပေးခဲ့ပြီး လိုက်ပါစီးနင်းသူခရီးသည် ၁၉ ရာခိုင်နှုန်း သာရှိကြောင်း၊ မေလတွင် ရာခိုင်နှုန်း ၆ဝ တိုးချဲ့ပြေးဆွဲပေးခဲ့ပြီး၊ လိုက်ပါစီးနင်းသူခရီးသည် ၃၇ ရာခိုင်နှုန်းရှိကြောင်းနှင့်ဇွန် တွင် ယာဉ်အစီးရေ ၃၅ဝဝ ကျော် (၈၈ ရာခိုင်နှုန်း)ပြေးဆွဲပေးခဲ့ပြီး ခရီးသည်ဦးရေ ရှစ်သိန်းကျော်(ရာခိုင်နှုန်း၄ဝ)ကျော်အထိ တိုးတက်လာကြောင်း သိရသည်။

မိုးခါး






အခြားဆက်စပ်သတင်းများ