နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် လုပ်ကိုင်ဆောင်ရွက်

ရန်ကုန်၊ ဇူလိုင် ၄


လူသည် တစ်ဦးတစ်ယောက်တည်းနေ၍ရသည့် သတ္တဝါမျိုးမဟုတ်ဘဲ အဝန်းအဝိုင်းနှင့် စုစုစည်းစည်းနေကြရ သည်။ ထိုအစုအဝေးအတွက် စုစည်းခိုင်မာစေမှုကို သမဝါယမသည် တစ်ထောင့်တစ်နေရာမှပါဝင်နေသည်ဟု ဆိုချင်ပါသည်။

ကမ္ဘာပေါ်ရှိ လူသားများသည် ဆင်းရဲချမ်းသာကွာဟမှု၊ လူမှုရေး၊ စီးပွားရေး မညီမျှမှုများကို စိန်ခေါ်မှုအဖြစ် နေ့စဉ်ကြုံတွေ့နေရသည့်အပြင် စစ်မက်ဖြစ်ပွားမှု၊ အစားအစာငတ်မွတ်ခေါင်းပါးမှု၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု၊ သဘာဝဘေးအန္တရာယ်ဆိုးများကျရောက်မှု၊ ရောဂါဆိုးဖြစ်ပွားမှု၊ လူမျိုးရေး၊ ပဋိပက္ခဖြစ်ပွားမှု၊ အလုပ်လက်မဲ့ဖြစ်မှု၊ နယ်စပ်ဖြတ်ကျော်မှုခင်းများဖြစ်ပွားမှုစသည့် များစွာသောပြဿနာများနှင့် ရင်ဆိုင်နေကြရ သည်။


မိမိတို့နိုင်ငံသည် စီးပွားရေးပိတ်ဆို့မှုဒဏ်ကြောင့် ဆင်းရဲနွမ်းပါးသောနိုင်ငံဖြစ်ခဲ့ရာ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင်နေထိုင်ပြီး ကျေးလက်နေပြည်သူအများစုသည် ဆင်းရဲနွမ်းပါးမှုအများဆုံး ဖြစ်သည်။ စီးပွားရေးလုပ်ငန်းသဘောသဘာဝအရ စီးပွားရေးလုပ်ငန်းလုပ်ကိုင်မည်ဆိုလျှင် အရင်းအနှီးရှိရ ပေမည်။ စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်နိုင်ရန်အတွက် ငွေကြေးသည် အဓိကအရင်းအနှီးဖြစ်ပြီး၊ နည်းပညာ၊ ဈေးကွက်၊ သွင်းအားစုနှင့် အခြေအနေဖန်တီးနိုင်ခွင့်တို့မှာလည်း အရင်းအနှီးများပင်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်ကလည်း ကုလသမဂ္ဂအဖွဲ့ကြီးက ၂၀၃၀ ပြည့်နှစ်အထိ စဉ်ဆက် မပြတ် ဖွံ့ဖြိုးရေးပန်းတိုင် ၁၇ ရပ်ကို ချမှတ်ထားရာ ကမ္ဘာ့နိုင်ငံများရှိ သမဝါယမအသင်းများက အကောင်အထည် ဖော်ရေး တိုက်တွန်းနှိုးဆော်ထားသည်။ သမဝါယမစနစ်၏ အနှစ်သာရမှာ  ကိုယ့်အားကိုယ်ကိုးခြင်း၊ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်း၊ အများဆန္ဒနှင့်အညီ စီမံခန့်ခွဲခြင်း၊ တန်းတူညီမျှမှုရှိခြင်း၊ တရားမျှတခြင်း၊ စည်းလုံးညီညွတ်ခြင်းတို့ ဖြစ်သည်။


သမဝါယမဦးစီးဌာနသည် ပြည်သူများလိုအပ်နေသည့် စိုက်ပျိုးရေးနှင့် အိမ်တွင်းလုပ်ငန်းများအတွက် အသေးစားအရင်းအနှီးချေးငွေထုတ်ချေးခြင်း၊ လယ်ယာနှင့် ရေလုပ်ငန်းသုံးပစ္စည်း၊ အခြားလုပ်ငန်းသုံးပစ္စည်း များအတွက် ချေးငွေထုတ်ခြင်းစသည်တို့အတွက် ဆောင်ရွက်ပေးလျက်ရှိသည်။ လက်ရှိမြန်မာနိုင်ငံတွင်        အသေးစားအရင်းအနှီးချေးငွေလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်နေသော သမဝါယမပေါင်း ၃၀၅၁၃ ကို ဖွဲ့စည်းထားပြီးဖြစ်သည်။

ခေါင်းရွက်ဗျပ်ထိုးဈေးသည်မှစ၍ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ၊ အလုပ်ကိုတစိုက်မက်မက် လုပ်ကိုင်ဆောင်ရွက်ပြီး လိုအပ်သောအရင်းအနှီးအတွက် ငွေချေးခြင်း၊ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်း များနှင့် ပြန်ဆပ်မည့်သူများ ရရှိလာသည့်အကျိုးအမြတ်များထဲမှ သုံးသင့်သည်ကိုသုံးပြီး ငွေကိုမဖြစ်မနေ စုဆောင်းမည့်သူများကို အသင်းသားများအဖြစ်ပါဝင်ခွင့်ပြုပြီး အသေးစားအရင်းအနှီးချေးငွေများ ထုတ်ချေးပေးကာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိသည်။


ဆင်းရဲနွမ်းပါးသူများသည် စားရေး၊ ဝတ်ရေး၊ နေရေး မကြောင့်ကြရန် လိုအပ်ရာအလုပ်အကိုင်ရရှိရေးသည် အဓိကကျသည်ဟု ဆိုချင်ပါကြောင်း ။        ။






အခြားဆက်စပ်သတင်းများ