နိုင်ငံတော်အစိုးရက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ဝိသမလောဘသမားများအနေဖြင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အနှောင့်အယှက်အဟန့်အတားဖြစ်ပေါ်စေရန်ရည်ရွယ်၍ ပြည်တွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း မတည် မငြိမ်ဖြစ်ပေါ်စေရန် လူမှုကွန်ရက်မီဒီယာများမှတစ်ဆင့် ဝါဒဖြန့်ချိ ဈေးကစားခြင်း၊ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင်ရှိသည့် Money Change အချို့သည်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်းမျဉ်းသတ်မှတ်ချက်များအား ချိုးဖောက်၍ နိုင်ငံခြားငွေလဲလှယ်နှုန်းများကို ဈေးကစားပြီး နိုင်ငံ စီးပွားရေးမငြိမ်မသက်ဖြစ်စေရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည့်အတွက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်း များက ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့သည်။
တရားမဝင်နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်နေသူများနှင့် ပွဲစားများအပါအဝင် စုစုပေါင်း တရားခံ ၁၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထွက်ပြေးတိမ်းရှောင် တရားခံပြေး ၁၁ ဦးကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း ဇွန် ၃ရက်က သတင်းထုတ်ပြန်ထား သည်။
အလားတူ ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးနှုန်းမတည် မငြိမ်ဖြစ်အောင် တရားမဝင် ရွှေအရောင်းအဝယ်ပြုလုပ်နေသည့် ပွဲစားများ အပါအဝင် စုစုပေါင်း တရားခံ ၂၁ ဦးကို ဇွန် ၂ ရက်က ဖော်ထုတ်ဖမ်းဆီးခဲ့သကဲ့သို့ ထွက်ပြေးတိမ်းရှောင်တရားခံပြေး ၁၀ ဦး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ တွင် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရလေ့ရှိရာ ယင်း အခက်အခဲများကို စီးပွားရေးဆိုင်ရာ အခက်အခဲနှင့် စီးပွားရေး နှင့် တိုက်ရိုက်မသက်ဆိုင်သော အခက်အခဲများဟု လေ့လာသူတို့ က ဆိုကြသည်။ စီးပွားရေးဆိုင်ရာ အခက်အခဲများဟုဆိုရာတွင် အရင်းအနှီးချို့တဲ့ခြင်း၊ သယံဇာတအရင်းအမြစ်ခေါင်းပါးခြင်း၊ နည်းပညာနှင့်အတတ်ပညာရပ်ဆိုင်ရာချို့တဲ့ခြင်း၊ စီးပွားရေး လုပ်ငန်းများတွင် လူလတ်တန်းစား စွန့်ထွင်ဦးစီးသူများ နည်းပါး ခြင်းတို့ဖြစ်သည်ဟု ဆိုသည်။
မိမိတို့နိုင်ငံ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက လိုအပ်ချက်မှာ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် တည်ငြိမ်အေးချမ်းမှုတို့ဖြစ်သည်။ နိုင်ငံတစ်ဝန်း တည်ငြိမ်အေး ချမ်းခြင်းကို ဖော်ဆောင်ကာ နိုင်ငံ့စီးပွားနှင့်ပြည်သူလူထု၏ စီးပွား ဘဝများ မြင့်မားတိုးတက်နိုင်ပါစေကြောင်း။