ရန်ကုန် ဇွန် ၄
ပို့ကုန်တိုးမြှင့်ရေး ညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ကုန်သွယ်ရေးဦးစီး ဌာနနှင့် စားသုံးသူရေးရာဦးစီး ဌာနတို့က တိုင်းဒေသကြီးဦးစီး မှူးများ၊ ကုန်သွယ်မှုနှင့်ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန် စေရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းဥက္ကဋ္ဌ တို့ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော်အနေ ဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး နှင့် ပို့ကုန်တိုးမြှင့်ရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက် လျက်ရှိကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တင်ပို့ရမည့် ပို့ကုန်တန်ဖိုးကို လျာထား သတ်မှတ်ထားပြီးဖြစ်ကြောင်း၊ အလားတူ ဆန်၊ ပဲ၊ ပြောင်း၊ ရော်ဘာ၊ ပို့ကုန်များလအလိုက် တင်ပို့ရန် လျာထားသတ်မှတ် ပြီးဖြစ်ကြောင်း၊ သတ်မှတ် လျာထားချက်အတိုင်း ပြည့်မီ ကျော်လွန်စွာ တင်ပို့နိုင်ရေး အင်တိုက်အားတိုက်ဖြင့် မဖြစ် မနေဆောင်ရွက်ရန် အထူး လိုအပ်ကြောင်း၊ ဆန်စပါး ကဏ္ဍ ပြည်ပတင်ပို့မှုဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု၊ ကြိတ်ခွဲ ပြုပြင်ခြင်းလုပ်ငန်းမှသည် ဖြန့်ဖြူး ရောင်းချ၍ တင်ပို့သည်အထိ ထုတ်လုပ်မှုတန်ဖိုး ကွင်းဆက် (Supply Chain) တစ်လျှောက် ဟန်ချက်ညီညီ အားထည့် ဆောင်ရွက်ရန်၊ ပြည်ပဈေးကွက် ပိုမိုရရှိအောင် ဆောင်ရွက်ရန်၊ ပဲမျိုးစုံနှင့် ပြောင်းကိုလည်း တိုးမြှင့်တင်ပို့နိုင်ရန်၊ ပြည်တွင်း ကောက်ပဲသီးနှံ ဈေးကွက်တည်ငြိမ် စေရန်၊ မျှတသည့်ကုန်သွယ်မှု၊ မှန်ကန်သည့် ကုန်သွယ်မှုဖြစ်ပေါ် စေရန်နှင့် ကုန်သွယ်မှုလုပ်ငန်း များ လျင်မြန်ချောမွေ့စေရန်၊
CMP အထည်ချုပ်လုပ်ငန်းများ၊ ငါး၊ ပုစွန်၊ အခြားရေထွက် ပစ္စည်းများ ပိုမိုတင်ပို့ရန်တို့ကို မဖြစ်မနေအားသွန်ခွန်စိုက် ဆောင်ရွက်နိုင်ရန်၊ ကုန်သွယ် မှု လွယ်ကူချောမွေ့စေရေး အတွက် ပို့ကုန်ဆန်သင်္ဘောများ ဦးစားပေးဆိပ်ကမ်းကပ်ခွင့်ရရှိ ရေး၊ ကုန်သေတ္တာရရှိရေး၊ ကုန်တင်ယာဉ်ရရှိရေးနှင့် ကုန်တင်ဆိပ်ကမ်းများ၏ လိုအပ်ချက်များကို ပူးပေါင်း ကူညီဆောင်ရွက်ပေးရန် တိုက်တွန်း မှာကြားသည်။
ဆန်းကျော်ဦး
(ပြန်/ဆက်)