မြန်မာ့လယ်ယာကဏ္ဍသည် စက်မှုလယ်ယာခေတ်ကို ဦးတည် လျှောက်လှမ်းနေသည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ငွေကြေးအရင်းအနှီးများ ချေးယူနိုင်သည့် အခွင့်အလမ်းများ ပေါ်ထွန်းလာနေပြီ ဖြစ်သည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန သည် မြစိမ်းရောင်ကျေးရွာစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ကျေးရွာများတွင် မြစိမ်းရောင်ကော်မတီများ ဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ စီမံကိန်းကော်မတီဝင်များ၏ တာဝန်ဝတ္တရားများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ တွင် ပါရှိသော ကျေးရွာသူ၊ ကျေးရွာသားများ လိုက်နာရမည့်တာဝန် များနှင့် ရပိုင်ခွင့်များကို ရှင်းလင်းပြောကြား ဖွဲ့စည်းကြသည်။
ကျေးလက်နေပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် အသက်မွေး ဝမ်းကျောင်းပညာသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိသည်။
ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိရိုးဖလာဖြင့် ဆောင်ရွက်ခြင်းထက် ခေတ်နှင့်လျော်ညီသည့် ကုန်ထုတ်လုပ်ငန်း များကို ဆောင်ရွက်ရန်လိုအပ်သည်။ ယင်းသို့ဆောင်ရွက်နိုင်ရန် အသိပညာ၊ အတတ်ပညာ ကြွယ်ဝသည့် လူသားအရင်းအမြစ်များ လိုသည်။ စိုက်ပျိုးသီးနှံများကို ခေတ်မီနည်းစနစ်များ အသုံးပြု စိုက်ပျိုး၍ ဈေးကွက်ဝင်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးကြိုးပမ်း ဆောင်ရွက်ရေးသည် အရေးပါသော လူမှုစီးပွားဘဝကို အထောက် အပံ့တိုးပွားလာမည် ဖြစ်သည်။ စိုက်ပျိုး၊ မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အလေးထားဆောင်ရွက်ခြင်းဖြင့် စီးပွား ရေးအရ တိုးတက်မှုကိုဖြစ်စေသည်။
နိုင်ငံတော်အစိုးရက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ပြောင်းလဲနိုင်ရေး အတွက် လယ်ယာကဏ္ဍပြုပြင်ပြောင်းလဲမှုကို ဖော်ဆောင်လျက် ရှိသည်။
သို့ဖြစ်ရာ နိုင်ငံတော်အဆင့် တွန်းအားပေး ဆောင်ရွက်နေချိန် တွင်သာ လိုက်ပါဆောင်ရွက်နေခြင်းမျိုး မဖြစ်စေဘဲ အရည်အသွေး ကောင်း၊ စံချိန်မီ ကုန်ချောများကို ပိုမိုထုတ်လုပ်နိုင်ခြင်းဖြင့် နိုင်ငံ့ စီးပွားရေးအတွက် အထောက်အကူပြုနိုင်သည့် ကုန်ထုတ်စွမ်းအား စုများအဖြစ် ရေရှည်တည်တံ့ရေး ပူးပေါင်းဆောင်ရွက်စေချင်ကြောင်း။