နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူ့ဆံသားဖြင့် ပြုလုပ်ထားဖွယ်ရှိသည့် ဆံပင်တုများကို နယူးယော့ခ်ဆိပ်ကမ်းတွင် သိမ်းဆည်း

ဇူလိုင် ၃  ဝါရှင်တန်


လူ့ဆံသားဖြင့် ပြုလုပ်ထားဖွယ်ရှိသည့် ဆံပင်တုကဲ့သို့ အလှအပပစ္စည်း တန်ချိန် ၁၃ တန် တင်ပို့မှုကို နယူးယော့ခ်ဆိပ်ကမ်းတွင် အမေရိကန်နိုင်ငံ အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေးအရာရှိများက သိမ်းဆည်းခဲ့သည်။ အဆိုပါအလှအပ ပစ္စည်းများကို တရုတ်နိုင်ငံ ရှင်ကျန်းဒေသမှ တင်ပို့ခဲ့ခြင်းဖြစ်ရာ ရှင်ကျန်းဒေသတွင် အတင်းအကျပ် ခိုင်းစေမှု၊ အကျဉ်းချမှု စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့ဖွယ်ရှိသည်ဟု အချက်ပြနေကြောင်း အမေရိကန်နိုင်ငံ အကောက်ခွန်နှင့် နယ်စပ် ကာကွယ်ရေးအရာရှိများက ပြောသည်။ အဆိုပါအလှကုန်ပစ္စည်းများမှာ အမေရိကန်ဒေါ်လာ ၈၀၀၀၀၀ ကျော် တန်ဖိုးရှိသည်ဟု ဆိုသည်။ 


တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရှင်ကျန်းဒေသတွင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကားရှိသည့် ဝီဂါမျိုးနွယ် ၁၁ သန်းနီးပါး နေထိုင်သည်။ မကြာသေးမီအချိန်အထိ ရှင်ကျန်းဒေသတွင် ဟန်မျိုးနွယ်များထက် ဝီဂါမျိုးနွယ်အရေအတွက် ပိုမိုများပြားခဲ့သည်။ ရှင်ကျန်းဒေသရှိ ထိန်းသိမ်းရေးစခန်း ကွန်ရက်များအတွင်း ဝီဂါမျိုးနွယ် တစ်သန်းကျော် ထိန်းသိမ်းခံထားရဖွယ်ရှိသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။ အကျဉ်းသားများ၏ ဆံပင်များကို အသုံးပြုပြီး ထုတ်လုပ်ခဲ့ဖွယ်ရှိသည့် တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းများကို ယခုနှစ်အတွင်း အမေရိကန်နိုင်ငံ အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေးတပ်ဖွဲ့က သိမ်းဆည်းခဲ့ခြင်းမှာ ဒုတိယအကြိမ်ဖြစ်သည်။       


  (KNT)






အခြားဆက်စပ်သတင်းများ