နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များပုံမှန် ဖွင့်လှစ်

ရန်ကုန် ဧပြီ  ၂၃

ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်သုံး သဘာဝ ဓာတ်ငွေ့(CNG) အရောင်းဆိုင် ၄၁ ဆိုင်ရှိပြီး သင်္ကြန်ပွဲတော် ကာလအပြီး ဧပြီ ၁၈ ရက်မှစ၍ CNG အရောင်းဆိုင်တစ်ဆိုင်မှအပ ကျန်ဆိုင် ၄၀ ကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ကာ CNG သုံး မော်တော်ယာဉ်များကို သဘာဝဓာတ်ငွေ့များ ဖြည့်တင်းရောင်းချ ပေးလျက်ရှိသည်။

မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ (CNG) အရောင်းဆိုင်ပေါင်း ၃ဝ ကိုသာ ဧပြီ ၈ ရက်မှ ဧပြီ ၁၇ ရက်အထိ ပိတ်ရက်မရှိ ဖွင့်လှစ်ပေးထားပြီး ကျန် CNG အရောင်းဆိုင်များကို ယာယီပိတ် ထားခဲ့ရာမှ ယခုအခါ ဆိုင်အားလုံးနီးပါးကို ပြန်လည်ဖွင့်လှစ်ကာ ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။ 

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မော်တော်ယာဉ် သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်များတွင် CNG သုံးမော်တော် ယာဉ်များကို နေ့စဉ် နံနက် ၅ နာရီမှ ည ၁၀ နာရီအထိ၊ ပိတ်ရက်မရှိ ဖွင့်လှစ်ရောင်းချပေးလျက်ရှိပြီး တစ်ရက်လျှင် CNG သုံး YBS မော်တော်ယာဉ်များ၊ တက္ကစီအငှားယာဉ်များနှင့် အခြား CNG သုံးမော်တော်ယာဉ်များ အပါအဝင် စုစုပေါင်းမော်တော် ယာဉ်အစီးရေ ၂၈၀ဝ၀ ကျော် သဘာဝဓာတ်ငွေ့ကုဗပေ ၁၉ သန်းနှင့် သန်း ၂၀ အကြား ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

ယခုအခါ ရာသီဥတု ပူပြင်းလာသောကြောင့် CNG အရောင်း ဆိုင်များတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အထူးအလေးထား ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ယာဉ်မောင်း များအနေဖြင့်လည်း မော်တော်ယာဉ်များပေါ်တွင် တပ်ဆင်ထား သော CNG အိုးများကို ဂရုတစိုက် ကိုင်တွယ်အသုံးပြုကြရန် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနက တိုက်တွန်းနှိုးဆော် ထားသည်။                                                  






(ဆောင်းဦး)






အခြားဆက်စပ်သတင်းများ