နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများဆောင်ရွက်နေမှု ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ကွင်းဆင်းစစ်ဆေး

ရန်ကုန်  မေ  ၈

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်)ဦးဗိုလ်ဌေး သည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များ၊ ဌာနမှူးများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်၊ ၅ ရပ်ကွက်ရှိ စွယ်တော် မြတ်စေတီတော်လမ်းတစ်လျှောက် သန့်ရှင်းရေး ဆောင်ရွက်နေမှု၊ စွယ်တော်မြတ်စေတီ မင်္ဂလာကန်တော် သံကူကွန်ကရစ်တံတား လူလျှောက်လမ်း တည်ဆောက်နေမှု၊  မင်္ဂလာဒုံမြို့နယ်နှင့် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်သို့ ဆက်သွယ်သည့် ခရေပင်လမ်းတစ် လျှောက် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်ရှေ့ မြေသားမြောင်းတူးဖော်နေမှု၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် အဝင်လမ်း လမ်းသား တိုးချဲ့ခင်းကျင်းရန် မြေညှိပြုပြင်နေမှု၊ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်ဝင်း ပင်မလေးထပ်ဆောင်ရှေ့အင်ဂျင် နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)က ရေကန်တူးဖော်ပြီးစီးမှု၊ ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနက ရေကန်ပတ်လည် စိမ်းလန်း စိုပြည်စေရေး ပန်းအလှပင်များနှင့် ယိုးဒယားဘဲစားမြက် များ စိုက်ပျိုးထားရှိမှု၊ မြေယာရှုခင်း ဆောင်ရွက်ထားမှု၊လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၂၀) ရပ်ကွက်၊ မင်းရဲကျော်စွာ(၉)လမ်းကို အင်ဂျင်နီယာဌာန(လမ်းနှင့် တံတား)က ကွန်ကရစ် ခင်းကျင်းနေမှု၊ ကျုံစုကျေးရွာ၊ သမိုင်းဝင်ရွှေရင်အေးစတီတော်ဝင်း အတွင်း စွန့်ပစ်အမှိုက်များ ရှင်းလင်းနေမှု၊ လှိုင်သာယာမွေးမြူ ရေးဇုန်(ဝက်)အသားထုတ်လုပ်ရုံ၊ ရေဆိုးသန့်စင်ကန်တည်ဆောက် ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ရန်ကုန်-ပုသိမ်လမ်းနှင့်ရန်ကုန်- ညောင်တုန်း လမ်းဆုံရှိ ဘုရင့်နောင်ပန်းခြံတိုးချဲ့တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့် ဆည်းဆောင်ရွက်ပေးသည်။

ရှေးဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၇ နာရီတွင် မရမ်းကုန်းမြို့နယ်၊ ၅ ရပ်ကွက်ရှိ စွယ်တော်မြတ်စေတီတော်လမ်း တစ်လျှောက် သန့်ရှင်းသာယာလှပရေးအတွက် ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနနှင့် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနတို့ ပူးပေါင်း၍ ရေသယ်ယာဉ်နှစ်စီးဖြင့် လမ်းဘေး မြက်ခင်းများနှင့် လမ်းလယ်ကျွန်းများ ရေဆေးကြောခြင်း၊ ဖြတ် မြောင်းနှာပေါက်များအတွင်းရှိ အမှိုက်၊ သဲ၊ ခဲ များရှင်းလင်းခြင်း၊ မြေယာရှုခင်းပြုပြင်ခြင်းတို့ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ စွယ်တော်မြတ်စေတီ မင်္ဂလာကန်တော်သို့သွားရောက်၍ အင်ဂျင် နီယာဌာန (လမ်းနှင့်တံတား)က အရှည် ၇၇၀ ပေ၊ အကျယ် ၇ ပေရှိ RC Driving Pile အခြေပြုသံကူကွန်ကရစ်တံတား လူ လျှောက်လမ်းတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီးသတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အမြန်ပြီးစီးအောင်ဆောင်ရွက်ရန် မှာကြား ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်း တြိဂံနှင့် လှိုင်သာယာ(အနောက်ပိုင်း )မြို့နယ်၊ အနော်ရထာလမ်း အဝိုင်းသို့ ဆက်သွယ်ထားသည့် ခရေပင်လမ်း တစ်လျှောက် သန့်ရှင်းသာယာလှပရေးအတွက် စည်ပင်သာယာဝန်ထမ်းများဖြင့် စွန့်ပစ်အမှိုက်များ၊ မြေပိုများ၊ သဲ၊ ခဲ များ ရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ ရွှေပြည်သာတံတားလမ်း၊ ငွေပင်လယ်စက်မှုဇုန်ရှေ့၌ အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)က လှိုင်မြစ်အတွင်းသို့ စီးဆင်းမည့် ရေစုကန်ရေမြောင်း   အရှည် ၂၆၀၀ ပေ၊ အကျယ် ၈ ပေ၊ အနက် ၈ ပေရှိ တူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြား သည်။ 

ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အနော်ရထာလမ်းဆုံအဝိုင်းမှထန်းတပင် မြို့နယ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ရှေ့အထိ ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်အဝင်လမ်းကို အင်ဂျင်နီယာဌာန (လမ်း နှင့်တံတား)က လမ်းသားတိုးချဲ့ခင်းကျင်းရန် မြေညှိပြုပြင်နေမှု များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ထန်းတပင်မြို့နယ်၊ ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်သို့ သွားရောက်၍ အင်ဂျင်နီယာဌာန(ရေစီး ရေလာစီမံခန့်ခွဲမှု)က ပင်မလေးထပ်ဆောင်ရှေ့ အရှည် ၆၆၅ပေ၊ အကျယ် ၁၁၀ ပေ၊ အနက် ၅  ပေရှိ ရေကန်တူးဖော်ပြီးစီးမှု၊   ပန်း ဥယျာဉ်နှင့်အားကစားကွင်းများဌာနက ရေကန်ပတ်လည်စိမ်းလန်း စိုပြည်စေရေး ပန်းအလှပင်များနှင့် ယိုးဒယားဘဲစားမြက်များ စိုက်ပျိုးထားရှိမှု၊ အလှဆင်ရေပန်းသုံးခုမောင်းနှင်နေမှု၊ ရေကန် ပတ်လည် မြေထိန်းနံရံတည်ဆောက်ပြီးစီးမှု၊ ကန်ပေါင်တွင် လူသွား လမ်းဆောင်ရွက်ပြီးစီးနေမှုလုပ်ငန်းများကို     ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက်  မြို့တော်ဝန်နှင့်အဖွဲ့သည် ၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၂၀) ရပ်ကွက်၊ မင်းရဲကျော်စွာ(၉)လမ်းကို အင်ဂျင်နီယာ ဌာန(လမ်းနှင့်တံတား)က အရှည် ၁၆၀၀ ပေ၊ အကျယ် ၁၄ ပေ၊ ထု ၆ လက်မ ကွန်ကရစ်ခင်းကျင်းနေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အမြန်ပြီးစီးရေးဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ (အနောက် ပိုင်း)မြို့နယ်၊ ကျုံစုကျေးရွာ၊ သမိုင်းဝင်ရွှေရင်အေးစေတီတော် ဝင်းအတွင်း စွန့်ပစ်အမှိုက်များရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေး ပြီး ဘုရားဝင်းအတွင်း ကျူးကျော်နေထိုင်မှုများမရှိစေရေးနှင့်သန့်ရှင်း သာယာလှပရေးဆောင်ရွက်ရန် မှာကြားသည်။

ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် တိရစ္ဆာန်ဆေးကု နှင့် ထုတ်လုပ်ရေးဌာနက ဆောင်ရွက်နေသည့် လှိုင်သာယာ မွေးမြူရေးဇုန်(ဝက်) အသားထုတ်လုပ်ရုံ၊ ရေဆိုးသန့်စင်ကန် တည်ဆောက်ခြင်း စီမံကိန်းသို့သွားရောက်၍ စီမံကိန်းအစည်း အဝေးခန်းမ၌  လုပ်ငန်းဆောင်ရွက်နေမှု တင်ပြချက်များနှင့် ပတ်သက်၍ မြို့တော်ဝန်က လိုအပ်သည်များမှာကြားသည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ရန်ကုန်-ပုသိမ်လမ်းနှင့် ရန်ကုန်-ညောင်တုန်းလမ်းဆုံရှိ ဘုရင့်နောင်ပန်းခြံတိုးချဲ့ တည်ဆောက် ရေးလုပ်ငန်းခွင်သို့သွားရောက်၍ ဘုရင့်နောင်ပန်းခြံတိုးချဲ့မြေနေရာ နှင့် ရန်ကုန်-ညောင်တုန်းလမ်းမကြား အင်ဂျင်နီယာဌာန (ရေစီးရေ လာစီမံခန့်ခွဲမှု)က အရှည် ၁၀၂၅ပေ၊ အကျယ် ၈ ပေ၊ အနက် ၅ ပေ ရှိ မြောင်းဖုံးပါ အုတ်ရေမြောင်းတည်ဆောက်နေမှု၊ ရန်ကုန်-ညောင်တုန်းလမ်းဘက်ရှိ ပန်းခြံအဝင်နေရာကို အင်ဂျင်နီယာ ဌာန (လမ်းနှင့်တံတား) က အရှည် ၃၂ ပေ၊အကျယ် ၈ ပေ၊ အနက် ၆ ပေ Box Culvert တည်ဆောက်ပြီးစီးနေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး မြို့တော်ဝန်က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း နှင့်အညီ အမြန်ပြီးစီးရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်မှာကြားကာ လိုအပ်သည်များဖြည့်ဆည်းဆောင် ရွက်ပေးသည်။ ဘုရင့်နောင်ပန်းခြံ တိုးချဲ့မြေနေရာတွင် ၁၀ ပေ ပတ်လည်ဆိုင်ခန်းပေါင်း ၃၀၀ ပါရှိသည့် လေးဧက ကျယ်ဝန်းသော ပျော်ပွဲရွှင်ပွဲ ကျင်းပရာနေရာ၊ ပွဲကြည့်စင်၊ ပဒုမ္မာကြာရေပန်း၊ ကလေးကစားကွင်း၊ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ရန် နေရာ၊ အမှိုက်စွန့်ပစ်ရန်နေရာ၊ စုဝေးခန်းမ အဆောက်အဦနှင့် ယာဉ်အစီးရေ ၂၀၀ ရပ်နားနိုင်သည့် ယာဉ်ရပ်နားကွင်းများ တည် ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ 









သတင်း-မိုးမြင့်မောင်/ဓာတ်ပုံ-ရွှေဝင်း






အခြားဆက်စပ်သတင်းများ