နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖားကန့်တွင် မိုးရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွား၊ သေဆုံးသူ ၁၂၆ ဦးထိရှိလာ

ဖားကန့်  ဇူလိုင်  ၂


ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ လခူးချောင်ရပ်ကွက်ရှိ တစ်သုံးလုံး၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင်၊ ဧရာရတနာစုပေါင်းလုပ်ကွက်ဟောင်း နေရာများတွင် ဇူလိုင် ၂ ရက်၊ နံနက် ၈ နာရီအချိန်က ရေမဆေးသမားများ ရေမဆေးကျောက် ဝင်ရောက်တူးဖော်နေစဉ် မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားရာ နွံလှိုင်းရိုက်ခတ်မှုဖြစ်ပွားပြီး ရေမဆေး ကျောက်ရှာဖွေသူများ နွံနစ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါ မြေပြိုမှုဖြစ်ပွားရာနေရာသို့ ဖားကန့်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ နံနက် ၉ နာရီခွဲအချိန်တွင် သေဆုံးသူများ၏ ရုပ်အလောင်း ၃၅ လောင်း၊ နံနက် ၁၀ နာရီအချိန်တွင် ရုပ်အလောင်း ၁၅ လောင်း၊ နံနက် ၁၁ နာရီ ၁၀ မိနစ်အချိန်တွင် ရုပ်အလောင်း ၃၇ လောင်း၊ မွန်းတည့် ၁၂ နာရီ အချိန်တွင် ရုပ်အလောင်း ၂၆ လောင်း၊ ညနေ ၃ နာရီ ၃၅ မိနစ်အချိန်တွင် ရုပ်အလောင်း ၁၃ လောင်းတို့အား ရှာဖွေတွေ့ရှိခဲ့သည်။


လက်ရှိအခြေအနေတွင် ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများအား မြေပြိုမှုအန္တရာယ်စိုးရိမ်ရသဖြင့် ခေတ္တရပ်ဆိုင်း ထားရသည်။


အဆိုပါ မြေပြိုမှုဖြစ်စဉ်ကြောင့် လက်ရှိအချိန်အထိ သေဆုံးသူဦးရေ ၁၂၆ ဦးအထိ ရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ