နွေအပူရှိန်က ပြင်းထန်လာသည်။ မီးသတ်ကားများ အဝင်အထွက်စိပ်လာသည့်အတွက် ရင်ကိုပူလောင်ကြ ရ၏။ မည်သည့်နေရာ၊ မည်သည့်မြို့နယ်၊ မည်သည့် ရပ်ကွက်စနည်းနာကြရ၏။ ကြိုတင်ပြင်ဆင်ရမည့် အနေအထားကို စေ့ငုကြရ၏။
နှစ်စဉ် မီးလောင်မှုကြောင့် မလိုလားအပ်သော အသက်၊ အိုးအိမ်၊ စည်းစိမ်ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ မီးလောင်ကျွမ်းမှုဖြစ်ပေါ်ရာတွင် ပေါ့ဆမီးလောင်မှုများ များစွာဖြစ်ပေါ်လျက်ရှိသည့် အကြောင်းရင်းတွင် လျပ်စစ်ဓာတ်အားသုံးစွဲသူများ ပေါ့ဆမှု၊ စံချိန်မီလျှပ်စစ် ပစ္စည်းများ၊ အရည်အသွေး အာမခံလျှပ်စစ်ပစ္စည်းများ သုံးစွဲမှုနည်းပါးပြီး၊ အရည်အသွေးမမီလျှပ်စစ်ပစ္စည်း အသုံးအဆောင်ပစ္စည်းများ၏ အားနည်းချက်လည်း ပါဝင် သည်။
ဈေးကွက်အတွင်း အရည်အသွေးမမီလျှပ်စစ်ပစ္စည်းများ ရောင်းချခြင်းသည် မီးလောင်ရာလေပင့်သည့် လုပ်ရပ်ဖြစ် သည်။ လျှပ်စစ်ဓာတ်အားသုံးစွဲရာတွင် လျှပ်စစ်ဝါယာရှော့ ဖြစ်ခြင်း၊ လျှပ်စစ်ဓာတ်အား ပမာဏပိုမိုလွန်ကဲစွာ ဖြစ်ပေါ်ခြင်းနှင့် ချို့ယွင်းပျက်စီးနေသော လျှပ်စစ်ပစ္စည်း ကိရိယာများသုံးစွဲခြင်းမှ အပူနှင့် မီးပွားများဖြစ်ပေါ်ခြင်း တို့ကြောင့် မီးလောင်မှုဖြစ်ပွားခြင်း၊ စံချိန်စံညွှန်း ကိုက်ညီကောင်းမွန်သည့် လျှပ်စစ်ဝါယာကြိုးများ သုံးစွဲခြင်း၊ မီးအားမြှင့်စက်သုံးစွဲပါက အတင်အချသတိပြုရန်နှင့် မီးအားထိန်းကိရိယာချို့ယွင်းပါက လဲလှယ်တပ်ဆင်ခြင်း၊ လျှပ်စစ်ပစ္စည်းများကို တပ်ဆင်သုံးစွဲရာတွင် မီးဒဏ်ခံ နိုင်သောနေရာတွင် တပ်ဆင်ရန်နှင့် မီးလောင်လွယ်သည့် ပစ္စည်းများအနီးတွင် မထားရန် လိုအပ်သည်။
လျှပ်စစ်ဓာတ်အား သုံးစွဲသူများအနေဖြင့် ဟောင်းနွမ်းနေသော လျှပ်စစ်ကြိုးများကို လဲလှယ်ခြင်း၊ လျှပ်စစ်ဒဏ်ခံကြိုးများ သတ်မှတ်သည့် စံနှုန်းအတိုင်း တပ်ဆင်ရန်နှင့် ခံနိုင်အားထက် ပိုမထည့်သွင်းရန် လျှပ်စစ်မီးဖို၊ မီးပူများသုံးစွဲပြီးလျှင်၊ မီးပျက်လျှင် ခလုတ်ကိုပိတ်ပြီးမှ ပလပ်ခေါင်းဖြုတ်ရန်၊ ဝါယာရှော့ ဖြစ်ပါက ပင်မမိန်းခလုတ်ပိတ်ပြီး ခြောက်သွေ့သော အဝတ်၊ ပိတ်စတို့ဖြင့် ရိုက်ပုတ်ဖုံးအုပ် ငြှိမ်းသတ်ရန်၊ ချို့ယွင်း နေသော လျှပ်စစ်ပစ္စည်းကိရိယာများကို မသုံးစွဲရန် လျှပ်စစ် သုံးစွဲသူများ သတိပြုလိုက်နာရန် သက်ဆိုင်ရာက နှိုးဆော် ထားသည်။
လျှပ်စစ်ဓာတ်အားသုံးစွဲသူများအနေဖြင့် ဆင်ခြင် လိုက်နာ ပူးပေါင်းကူညီရန် အသိပေးနှိုးဆော်ရပါကြောင်း။