အပူပိုင်းသမုဒ္ဒရာတွင် ပင်လယ်ရေ ပူနွေးလာပြီး လေထု အခြေအနေမှာ ပူပြင်းခြောက်သွေ့သည့် အယ်နီညိုဖြစ်စဉ် ဖြစ်ပေါ် ခဲ့သည်။ နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုခန့်မှန်း ချက်အရ ၂၀၂၄ ခုနှစ် ဇွန်လတွင် ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိနိုင်ပြီး ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် လာနီညာအခြေအနေ သို့ ကူးပြောင်းရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြသည်။
အယ်နီညို ရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်ပါက မြန်မာနိုင်ငံတွင် အပူချိန် မြင့်တက်မှု သောက်သုံးရေနှင့် စိုက်ပျိုးရေရှားပါးမှုပြဿနာတို့ ရင်ဆိုင်ရမည်ဖြစ်သည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနသည် ဧပြီ ၂၈ ရက်ကစပြီး လ၏ အမြင့်ဆုံးအပူချိန် စံချိန်သစ်များအဖြစ် ချောက်မြို့တွင် ၁၁၈ ဒသမ ၈ ဒီဂရီဖာရင်ဟိုက်၊ ညောင်ဦးမြို့ ၁၁၄ ဒသမ ၈ ဒီဂရီဖာရင်ဟိုက်၊ စစ်ကိုင်းမြို့ ၁၁၃ ဒသမ ၉ ဒီဂရီဖာရင်ဟိုက်အဖြစ် စခန်းဖွင့်သည့်နှစ်မှ ၅၉ နှစ်အတွင်း အမြင့်ဆုံးအပူချိန်ဖြစ်ပြီး တံတားဦး (လေကြောင်းမိုးလေဝသ) ၁၁၃ ဒသမ ၉ ဒီဂရီဖာရင်ဟိုက်၊ တောင်တွင်းကြီး ၁၁၃ ဒီဂရီဖာရင်ဟိုက်၊ မန္တလေး ၁၁၂ ဒသမ ၆ ဒီဂရီဖာရင်ဟိုက်၊ ဇောင်းတူမြို့ ၁၀၉ ဒသမ ၆ ဒီဂရီဖာရင်ဟိုက် အပူချိန် စံချိန်သစ်တင်ခဲ့သည်။
ပြည်သူများ ခံစားနေရသည့် အပူဒဏ်ကား မသေးလှပါ။ ခရမ်းလွန်ရောင်ခြည်ပျံ့နှံ့မှုကလည်း မြင့်မားလှသည်။ ပြင်းထန် သော အပူရှိန်ကြောင့် ရေတွင်း၊ ရေကန်များ၊ ချောင်း၊ မြောင်း၊ အင်းအိုင်များ ရေခန်းခြောက်ကာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ များ ရေဒုက္ခရောက်ကြရသည်။
သောက်သုံးရေများ ပြတ်လာသည်နှင့် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့၊ ပရဟိတအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ စေတနာရှင်များ၏ ရေလှူဒါန်းပေးမှုများ သတင်းများတွင် တွေ့မြင် နေရသည်။ စေတနာရှင်များ၏ လှူဒါန်းပေးမှုကြောင့် အတန်အသင့် ပြေလည်မှုရရှိသည်မှာ ဝမ်းမြောက်ဖွယ်ပင် ဖြစ်သည်။
နိုင်ငံအတွက် အရေးကြီးသော စိုက်ပျိုးရေးလုပ်ငန်းအတွက် လည်းကောင်း၊ သောက်သုံးရေအတွက် လည်းကောင်း၊ လိုအပ် သော ရေချိုအရင်းအမြစ်များကို နည်းမျိုးစုံဖြင့် ထိန်းသိမ်းကာ အကျိုးရှိစွာ သုံးစွဲနိုင်ရန်လိုအပ်သည်။
ယနေ့ကြုံတွေ့နေရသော သန့်ရှင်းသော သောက်သုံးရေရှားပါး လာခြင်း၊ ရေထွက်များ ခန်းခြောက်လာခြင်း၊ မြေအောက်ရေများ ဆုတ်ယုတ်လာခြင်းတို့ကြောင့် သက်ဆိုင်ရာများက ပူးပေါင်းပါဝင် ခြင်းဖြင့် အစိမ်းရောင်ဖွံ့ဖြိုးရေးကို အထောက်အပံ့ဖြစ်စေချင် ကြောင်း။ ။