နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘုရင့်နောင် ပဲဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်

ရန်ကုန် ဇူလိုင်  ၁


ဘုရင့်နောင်ပဲဈေးကွက်အတွင်း စည်းကမ်းတကျရောင်းဝယ်ကြရန် ဇွန် ၂၉ရက်တွင် အသိပေးမှုများ ရှိလာပြီး ပဲလုပ်ငန်းလုပ်ကိုင်သူများသည်‌ ဈေးကွက်အနေအထားအ‌ပေါ်‌စောင့်ကြည့်‌နေဆဲဖြစ်၍ ဇွန် ၂၉ ရက် နှင့် ၃၀ရက်တို့တွင် မတ်ပဲRCတစ်တန်ဈေးနှုန်းများ ကျပ်၁၀သိန်းအောက်သို့ ကျဆင်းလာသည်ဟု ယင်းဈေးကွက် မှ သိရသည်။


၂၀၂၀ ဇွန် ၂၉ရက်နေ့စွဲဖြင့် ရန်ကုန်တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း (ဘုရင့်နောင်ကုန်စည်ဒိုင်) မှ ကြေညာချက် ၂/၂၀၂၀ဖြင့် ပဲဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပေးမှု ရှိလာသည်ကို ဘုရင့်‌နောင်ကုန်စည်ဒိုင်တွင်မြင်‌တွေ့လာရသည်။


ဘုရင့်နောင်ကုန်စည်ဒိုင်အသင်းသားအချို့၏ ဇွန် ၂၄ရက်နေ့စွဲဖြင့် တင်ပြခဲ့သည့်အကြံပြုစာနှင့်   ပတ်သက်၍ ဇွန် ၂၇ရက် နံနက်၁၁နာရီတွင် ယင်းအသင်းသားများဖြစ်ကြသော ပဲတင်ပို့သူများ၊ ပဲသန့်စင်စက်ပိုင်ရှင်၊ လုပ်ငန်းရှင်များ၊ ပဲရောင်းဝယ်သူလုပ်ငန်းရှင်များနှင့် ယင်းကုန်စည်ဒိုင်အလုပ်အမှုဆောင်များတွေ့ဆုံ၍ ပဲဈေးကွက်ဖွံ့ဖြိုး ရေးတိုးတက်ရေးဆွေးနွေးပြီးနောက် ယင်းကြေညာချက်၂/၂၀၂၀ထုတ်ပြန်ခြင်းဖြစ်သည်ဟု သိရသည်။


အထက်ဖေါ်ပြပါ ပဲဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးဆုံးဖြတ်ချက်အရ လက်ရှိမှတ်ပုံ တင်ထားသော ပဲလက်ငင်းအရောင်းအဝယ်စာချုပ်များအားလုံး ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၃၁ရက် နောက်ဆုံးထား၍ စာရင်းရှင်းရမည်ဖြစ်သည်။ ၂၀၂၀ ဇွန် ၂၉ရက်တနင်္လာနေ့မှစ၍ အသစ်မှတ်ပုံတင်မည့်  လက်ငင်းအရောင်းအဝယ်စာချုပ်များသည် အရောင်းအဝယ်စာချုပ်ပါစည်းကမ်းချက်များအတိုင်း တစ်လပြည့် မြောက်သည့်အခါ ပဲဝယ်ယူသူကပဲလက်‌ရောက်ရယူ၍ စာရင်းရှင်းရမည်ဖြစ်သည်။


ရန်ကုန်ပဲဈေးကွက်အတွင်း ဧပြီလ၂၅ရက်တွင် မတ်ပဲ RCတစ်တန် ၁.၀၀၄,၀၀၀ကျပ်နှုန်းရှိရာမှ ယင်း‌နေ့ အလွန်မှစ၍ ကျပ်၁၀သိန်း‌အောက်သို့‌ ဈေးကျဆင်းလာရာ နှစ်လအကြာ ဇွန် ၂၃ရက်တွင် မတ်ပဲRCတစ်တန် ၁,၀၁၈,၀၀၀ကျပ်နှုန်းသို့ဈေးပြန်မြင့်လာသည်။ ယင်းဈေးနှုန်းထက် ထပ်မံမြင့်တက်လာခြင်းမရှိဘဲ ဇွန် ၂၄ ရက်နှင့် ၂၆ ရက်တို့တွင် ယင်းဈေးနှုန်းအတိုင်းသာရှိရာမှ ဇွန်လ၂၉ရက်မှစ၍ ကျပ်၁၀သိန်းအောက်သို့ဈေးပြန်ကျလာသည်။


ဇွန် ၂၇ ရက်စနေနေ့တွင် မတ်ပဲ RC ကုန်သေတ္တာအလုံးပေါင်း  ၄၅လုံး  ၊(တန်ချိန်၁၀၈၀)အရောင်းအဝယ် ဖြစ်ခဲ့သော်လည်း‌ ဇွန် ၂၉  ရက်နှင့် ၃၀ရက်တို့တွင် အရောင်းအဝယ်မဖြစ်ဟု နေ့စဉ်ပဲဈေးနှုန်းများနှင့်ယှဉ်တွဲဖေါ်ပြထားသော အရောင်းအဝယ်စာရင်းများမှ သိရသည်။


၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်အတွင်း မြန်မာ့မတ်ပဲနှင့်ပဲစင်းငုံအဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံသည် ယင်းနိုင်ငံသို့မတ်ပဲတန်ချိန် လေးသိန်းတင်သွင်းခွင့်ပြုထားရာ ၂၀၂၀ ဩဂုတ်လကုန်နောက်ဆုံးထား၍ တင်သွင်း ရမည်ဟု အသိပေးထုတ်ပြန်ထားသည်။ သို့သော်အိန္ဒိယနိုင်ငံအ‌နေဖြင့် နောက်ဆုံးရက်တိုးမြှင့်‌ပေးရန် မြန်မာ နိုင်ငံဘက်က မျှော်လင့်မှုများရှိနေသည်ဟု ပဲလုပ်ငန်းလုပ်ကိုင်သူ ကိုသက်ကပြောသည်။


မြန်မာနိုင်ငံတွင် ပဲစားသုံးမှုနည်းသော်လည်း စိုက်ပျိုးထွက်ရှိမှုများပြားရာ ၂၀၁၈-၂၀၁၉ဘဏ္ဍာ‌ရေးနှစ် တွင် ပြည်ပသို့ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၆၄ သန်း တင်ပို့ရာမှ ပြည်ပပို့ကုန်ရငွေဒေါ်လာတစ်ဘီလျံခန့်ရရှိခဲ့ သည်ဟု စီးပွားကူးသန်းဝန်ကြီးဌာနသတင်းထုတ်ပြန်ချက်အရ သိရသည် ။


သို့ဖြစ်ရာ ပဲဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးသည်  ပဲစိုက်ပျိုးသူများအတွက်သာမက နိုင်ငံစီးပွားအတွက် ပါ အရေးကြီးသဖြင့် ပဲ‌လောကနှင့်ဆက်စပ်‌နေသူများ‌သည်‌ဈေးကွက်တွင်စည်းကမ်းတကျလုပ်‌ဆောင်ရန်လိုအပ်သည်ဟု ပဲလုပ်ငန်းလုပ်ကိုင်သူ‌ကျောင်းကုန်း‌‌နေ ကိုဆန်းအောင်ကပြောသည်။ မြစ်ဝကျွန်းပေါ်ဒေသတွင် မိုးစပါးကြမ်းရိတ်သိမ်းပြီး နွေသီးထပ်အဖြစ်‌နွေစပါး ငရုတ်ကဲ့သို့ မတ်ပဲအများအပြားစိုက်ပျိုးကြရာ နှစ်ဆန်းပိုင်းလများတွင်ပဲဈေးကွက်သို့စတင်ဝင်ရောက်တတ်သည်ဟု ကိုဆန်းအောင်ကပြောသည် ။                       


မိုးပွင့်သူ






အခြားဆက်စပ်သတင်းများ