နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဂရုတစိုက်ကာကွယ်

ရန်ကုန်   ဇူလိုင်    ၁


မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်၍ ပြည်သူတို့နေ့စဉ်စားသုံးမှုဘဝသည် လူမှုဆောင်တာများတွင် ခေတ်မီစနစ်ကျနမှုများ လိုအပ်နေဆဲဖြစ်သည်။ မျက်မှောက်ကာလတွင် သတိပြုရမည့်အချက်များမှာ ဇီဝ အန္တရာယ်ဟုဆိုသည့် အစားအသောက်များတွင်ပါဝင်သည့် ပိုးမွှားနှင့်အဆိပ်အန္တရာယ်ဖြစ်သည်။ သက်ဆိုင်ရာ ဝန်ကြီးဌာနများက စနစ်တကျသုတေသနပြုစမ်းသပ်ရှာဖွေဖော်ပြနိုင်သဖြင့်ဆောင်ရန်၊ ရှောင်ရန် အချက်များ ရရှိခဲ့သည်။ 


မြန်မာနိုင်ငံရှိ ပြည်သူတို့၏သဘောသဘာဝနှင့် အနေအထားများအရ ပြည်သူတို့၏နေ့စဉ်စားသုံးနေသော အစားအစာများကို ပြည်သူတို့ကိုယ်တိုယ် အသိတရားလက်ကိုင်ထား၍ ဆင်ခြင်စားသုံးကြရမည်သာဖြစ်သည်။ ယခုအခါ ရာသီအကူးအပြောင်းတွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားတတ်ပေသည်။ 


ဝမ်းပျက်၊ ဝမ်းလျှောရောဂါသည် မသန့်ရှင်းသောအစားအစာနှင့် သောက်သုံးရေတို့မှတစ်ဆင့် ကူးစက် တတ်သောရောဂါတစ်ခုဖြစ်သည်။ ပြင်းထန်သော ဝမ်းပျက်၊ ဝမ်းလျှောရောဂါသည် ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး ရောဂါပြင်းထန်ပြီး အချိန်မီမကုသပါက အသက်ဆုံးရှုံးနိုင်သည်။ ကလေးသူငယ်များတွင် ဖြစ်ပွားတတ်သောဝမ်းပျက်၊ ဝမ်းလျှောရောဂါမှာ ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွားလေ့ရှိပြီး ကျန်းမာရေးဝန်ထမ်းများနှင့် ထိရောက်ပြည့်စုံသောကုသမှုခံယူရန်လိုအပ်သည်။ 


ဝမ်းပျက်၊ ဝမ်းလျှောရောဂါမဖြစ်ပွားစေရေးအတွက် တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုပြုဆောင်ရွက်ခြင်း၊ အစာမစားမီနှင့် လူနာကိုင်တွယ်ပြီးတိုင်း ကလေးပြုစုပြီးတိုင်း အိမ်သာအသုံးပြုပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောသန့်ရှင်းပြီးလတ်ဆတ်သော အသီးအနှံနှင့်အစားအစာများကို ပူပူနွေးနွေးချက်ပြုတ် စားသုံးခြင်း၊ ရေကိုကျိုချက်သောက်သုံးခြင်း၊ ယင်နားစာများမစားသုံးခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင် ရွက်ခြင်း၊ ယင်လုံအိမ်သာအသုံးပြုဆောင်ရွက်ရန်နှင့် မိမိတို့မိသားစုနှင့်ပတ်ဝန်းကျင်တွင် ကျန်းမာရေးအသိ ပညာဖြန့်ဝေခြင်းများ ပြုလုပ်ဆောင်ရွက်ရန်လိုအပ်သည်။ 


ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါသည် ကာလဝမ်းရောဂါပိုး (Vibrio Cholerae)ပါဝင်နေသောမသန့်ရှင်း သောအစားအစာနှင့် သောက်သုံးရေတို့အား စားသောက်မိရာမှတစ်ဆင့် ကူးစက်တတ်သောရောဂါဖြစ်သည်။ 

ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာနများတွင် အချိန်မီကုသမှုခံယူရန်နှင့် အဆင့်ဆင့်အချိန်မီအမြန်ဆုံးသတင်းပို့ရန်လိုအပ်သည်။ ရောဂါဖြစ်ပွားလာပါက ပြန့်ပွားမှုမရှိအောင် ရောဂါ ထိန်းချုပ်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများနှင့် လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူ များပူးပေါင်းပါဝင်ဆောင်ရွက်စေချင်ကြောင်း ။






အခြားဆက်စပ်သတင်းများ