နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘရိုက်တန်ကို အနိုင်ရပြီး အာဆင်နယ်အသင်း အမှတ်ပေးဇယားကို ယာယီဦးဆောင်

ဧပြီ ၇

ပရီးမီးယားလိဂ် ပွဲစဉ် ၃၂ အဖြစ် ဘရိုက်တန်အသင်းနှင့် အာဆင်နယ်အသင်းတို့ ယမန်နေ့ ညပိုင်းက ဖော်လ်မာကွင်း၌ ယှဉ်ပြိုင်ကစားကြရာ အာဆင်နယ်အသင်းက ဘရိုက်တန်အသင်းကို သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိပြီး အမှတ်ပေးဇယားကို ယာယီဦးဆောင် နိုင်ခဲ့သည်။

အိမ်ကွင်းကစားပုံမာကျောသည့် နည်းပြဒီဇာဘီ၏ ဘရိုက်တန်ကို အာဆင်နယ်အသင်းက အကောင်းဆုံးပုံစံဖြင့် အဘက်ဘက်က အသာစီးရယူပြီး ဂိုးပြတ်အနိုင်ရကာ ဇယားထိပ်ကို ပြန်လည်တက်လှမ်း နိုင်ခဲ့ခြင်းဖြစ်သည်။

ဘရိုက်တန်အသင်းက အာဆင်နယ်အသင်း၏ ခံစစ်အကောင်းဆုံးပုံစံတွင်ရှိနေခြင်းကြောင့် ကျော်ဖြတ်ရန် ခက်ခဲနေခဲ့ကာ ထိရောက်သည့် ဂိုးပေါက်ခြိမ်းခြောက်မှုလည်း နှစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့သည်။ အာဆင်နယ်က ဘရိုက်တန်အသင်း၏ အမှားများကိုအသုံးချပြီး အခွင့် အရေးများစွာဖန်တီးနိုင်ခဲ့ကာ ယခုနှစ်အတွင်း ခြေစွမ်းကောင်းပြသ ထားနိုင်သည့် တိုက်စစ်မှူး ကိုင်ဟားဗက်ဇ်မှာလည်း တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးပေးနိုင်ခဲ့သည်။

အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုးကို ၃၃ မိနစ်တွင် ပင်နယ်တီကတစ်ဆင့် ဆာကာက သွင်းယူပေးခဲ့ပြီး နောက်ထပ် အနိုင်ဂိုးများကို ၆၂ မိနစ်တွင် ကိုင်ဟားဗက်ဇ်နှင့် ၈၆ မိနစ်တွင် ထရော့ဒ်ဆက်တို့က သွင်းယူပေးခဲ့ကာ ဂိုးပြတ်နိုင်ပွဲနှင့်အတူ လီဗာပူး အသင်းထက် တစ်ပွဲပိုကစားပြီး ရမှတ် ၇၁ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ခဲ့သည်။

ထို့ပြင် အာဆင်နယ်အသင်းသည် ၁၉၉၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် အဝေးကွင်း ငါးပွဲဆက် Clean Sheet ရအောင် ကစားနိုင်သည့် မှတ်တမ်းပိုင်ဆိုင်ခဲ့ပြီး ဂိုးသမား ရာယာမှာလည်း ပရီးမီးယား လိဂ် အဝေးကွင်း ငါးပွဲဆက် Clean Sheet ယူနိုင်ခဲ့သည့် ပထမဆုံး စပိန်ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။






သူရိန်






အခြားဆက်စပ်သတင်းများ