နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကပ်ရောဂါကာကွယ်ဖို့ ရတနသုတ် ပရိတ်တော်ရွတ်ကြစို့

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာက တရုတ်ပြည်မှ စတင်ဖြစ်ပေါ်ခဲ့သော ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မတ် ၁၁ ရက်ညတွင် ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထုတ်ပြန်ခဲ့သည်။ ကျွန်မ ဤဆောင်းပါး ရေးနေချိန် ဧပြီ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်အထိ တစ်ကမ္ဘာလုံး COVID-19 ဖြစ်ပွားမှုအခြေအနေမှာ ကူးစက်ခံရသူ ၁,ဝ၃၄,ဝ၈၆ ဦးရှိပြီး ၅၄,၄၆၃ ဦး ကွယ်လွန်ကာ ပြန်လည်ကောင်းမွန်လာသူ ၂၂၀,ဝ၂၃ ဦး ရှိသည်။ ယင်းတို့အနက် ဖြစ်ပွားမှုအမြင့်မားဆုံး နိုင်ငံစာရင်းမှာ ယူအက်စ်အေ၊ အီတလီ၊ စပိန်၊ ဂျာမနီ၊ တရုတ်နှင့် ပြင်သစ်နိုင်ငံများဖြစ်ကြပြီး၊ ရောဂါစတည်ရာ တရုတ်နိုင်ငံက ယခုအခါ ပဉ္စမနေရာသို့ ကျဆင်းသွားကြောင်း သိရသည်။ ယနေ့ထိ(ဤဆောင်းပါးရေးနေချိန်) မြန်မာနိုင်ငံတွင် စောင့်ကြည့်လူနာ ၆၄၂ ဦး၊ သံသယလူနာ ၂ ဦး၊ ပိုးတွေ့လူနာ ၂၀ ဦး၊ ပိုးတွေ့သေဆုံးလူနာ ၁ ဦး ရှိနေသည်။ မြန်မာနိုင်ငံအတွင်း COVID-19 ကူးစက်ဖြစ်ပွားနှုန်းသည် အထက်ဖော်ပြပါ နိုင်ငံများလောက် မဆိုးရွားသေးသည်မှာ ကံကောင်းလှသည်။ သို့သော် COVID-19 သည် လူသားမျိုးနွယ်၏ ရန်သူကြီးဖြစ်သဖြင့် ပြည်သူပြည်သားအားလုံး မပေါ့ဆသင့်ပေ။ “COVID-19 ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားအောင် မိမိကစ သတိရှိကာကွယ်ကြ ” ဖို့လိုပါသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြန်ကြာရေးဌာနတို့မှ COVID-19 ရောဂါနှင့်ပတ်သက်၍ အစိုးရသတင်းစာများ၊ နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာများ၊ ရေဒီယို၊ တီဗီ နှင့် အွန်လိုင်းမီဒီယာများမှ နေ့စဉ်သတင်းထုတ်ပြန်ပေးလျက်ရှိသည်။ ထို့ကြောင့် လူစုလူဝေးကို ရှောင်ခြင်း၊ အရေးတကြီး ကိစ္စမရှိပါက အိမ်တွင်းနေထိုင်ခြင်း၊ မဖြစ်မနေ အပြင်ထွက်ရပါက Mask တပ်ဆင်ခြင်း၊ အဲကွန်းဘတ်စ်ကားပေါ် မတက်ခင်နှင့် ကားပေါ်ကဆင်းချိန်များတွင် အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်းနှင့်အထက်ပါသော လက်ဆေးရည်ဖြင့်ဆေးကြောခြင်း၊ အိပ်ရေးဝ၀အိပ်စက်ခြင်း၊ အာဟာရဖြစ်စေမည့် အစားအစာများ မှီဝဲစားသုံးခြင်း၊ လက်ဆေးရည် (သို့မဟုတ်) ရေနွေး၊ ဆပ်ပြာတို့ဖြင့် လက်ကို မကြာခဏဆေးကြောခြင်း၊ အသုံးပြုပြီးသော Mask ကို စနစ်တကျစွန့်ပစ်ခြင်း၊ အပြင်ကပြန်လာသော အဝတ်အထည်ကို ချက်ချင်းလျှော်ဖွတ်ခြင်း၊ အပြင်ကပြန်လာသော လက်ဖြင့် ကလေးသူငယ်များ နှင့် သက်ကြီးရွယ်အိုများကို ထိကိုင်မှုမပြုခြင်း စသည့်ဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ထားရပါမည်။ ထို့ပြင် မိမိပတ်ဝန်းကျင် တွင် ကိုယ်ပူအဖျားကြီးသောသူ၊ လည်ချောင်းနာ၊ ချောင်းဆိုးလျှင် သွေးပါသူရှိပါက သက်ဆိုင်ရာသို့ သတင်း ပေးဖို့လိုပါသည်။ ရတနသုတ် ပရိတ်တော် ယခုအခါ အလုပ်ချိန်လျှော့ချခြင်း၊ ဝန်ထမ်းများ အလှည့်ကျစီတာဝန်ခွဲဝေခြင်း၊ ကျောင်းပိတ်၊ ရုံးပိတ်ခြင်းတို့ကြောင့် Stay Home အိမ်တွင်းနေကြပြီဖြစ်ရာ အချိန်ပိုများထွက်ရှိလာပါပြီ။ ထို့ကြောင့် ယခင်ကထက်ပို၍ ဘုရားရှိခိုးချိန် ရလာကြပြီ ဖြစ်သည်။ ဗုဒ္ဓဘာသာနည်းအရ နိုင်ငံတစ်နိုင်ငံမှတစ်နိုင်ငံသို့ ကာလတိုအတွင်းမှာပင် ရောဂါကူးစက်ပျံ့နှံ့ကာ လူအစုလိုက်အပြုံလိုက် ပျက်စီးခြင်းကို ရောဂန္တရကပ်(ရောဂါဆိုးဖြင့် အထူးနှိပ်စက်သောကပ်ရောဂါ)ဟု ဆိုပါသည်။ ထိုကပ်ရောဂါသည် ၂၁ ရာစုမှမဟုတ် ရှေးရှေးကတည်းက ဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့် ကပ်ရောဂါကိုကာကွယ်ဖို့ ရတနသုတ်ပရိတ်တော် ဖြစ်ပေါ်လာသည်။ ပရိတ်ကြီး ၁၁ သုတ်ထဲက ဒုတိယ မြောက်ပရိတ်တော်သည် ရတနသုတ်ဖြစ်ကြောင်း ဗုဒ္ဓဘာသာဝင်တိုင်းလိုလို သိထားကြပြီး ဖြစ်သော်လည်း ရတနသုတ်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို သိသူနည်းပါလိမ့်မည်။ ရတနသုတ်တော်သည် ဝေသာလီပြည်၌ စတင်ပေါ်ပေါက်သလို အစ, အဆုံး ရွတ်ဖတ်သရဇ္စျာယ်သော ပုဂ္ဂိုလ်မှာ အရှင်အာနန္ဒာမထေရ်ဖြစ်သည်။ ရတနသုတ်မရွတ်ခင် ဝေသာလီ၏ အခြေအနေမှာ အလွန် ဆိုးရွားနေသည်။ မိုးခေါင်သဖြင့် ကောက်ပဲသီးနှံများပျက်စီးကာ တိုင်းသူပြည်သားများ ထမင်းငတ်ကြသည်။ အစာကို ဝ၀လင်လင် မစားရသဖြင့် ရောဂါမျိုးစုံ ဝင်ရောက်နှိပ်စက်ပြန်သည်။ နေ့စဉ် လူအများသေဆုံးကြသဖြင့် မမြှုပ်နိုင်သော လူသေအလောင်းများ မြို့ပြင်၌ ပွကြဲနေသည်။ လူသေအနံ့များကြောင့် ဘီလူး၊ သဘက်တို့က မြို့တွင်း၊ မြို့ပြင်ဝင်ကာ လူတွေကို နှိပ်စက်ပြန်သည်။ သို့ဖြင့် ဝေသာလီပြည်သည် အငတ်ဘေး၊ ရောဂါဘေး၊ ဘီလူး၊ သဘက်ဘေး ဟူသော ဘေးကြီးသုံးသွယ်နှင့် ရင်ဆိုင်နေရသည်။ ထိုအချိန်တွင် မင်းနှင့်ပြည်သူတို့တိုင်ပင်ကာ ဗုဒ္ဓသီတင်းသုံးရာ ရာဇဂြိုလ်သို့ ဘုရားပင့်အဖွဲ့လွှတ်ကာ ပင့်ဆောင်စေသည်။ ဗုဒ္ဓကလည်း ရဟန်းငါးရာနှင့်အတူ လိုက်ပါကြွလာသည်။ ဗုဒ္ဓသည် ဝေသာလီတံခါးဝ ရောက်သည်နှင့် အရှင်အာနန္ဒာအား ရတနသုတ်ကို သင်ပေးပြီး ဝေသာလီ၏ တံတိုင်းသုံးထပ်ကြားဝယ် ညဉ့်သုံးယံပတ်လုံး ရွတ်စေသည်။ အရှင်အာနန္ဒာသည် ဗုဒ္ဓ၏သပိတ်တော်တွင် ရေအပြည့်ထည့်ကာ နှုတ်နှင့် လည်းရွတ်၊ ပရိတ်ရေနှင့်လည်းပက်၍ ညဉ့်သုံးယံပတ်လုံးပြုလုပ်ရာ ဘီလူး၊ သဘက်တို့ ထွက်ပြေးကြသည်။ ဗုဒ္ဓကြွလာသည့်အတွက် မြို့သန့်မိုးကြီး ရွာချရုံတင်မက သိကြား၊ ဗြဟ္မာစသော တန်ခိုးကြီး နတ်တို့ ကြောင့်လည်း ဘီလူး၊ သဘက်တို့ ပြေးကုန်ပြီး မထွက်ပြေးဘဲ ပုန်းခိုကပ်ရပ်နေသော သားရဲသဘက်များလည်း အရှင်အာနန္ဒာ၏ ပရိတ်ရေထိသဖြင့် မနေဝံ့ဘဲ ထွက်ပြေးကြရသည်။ ဗုဒ္ဓကလည်း မြို့လယ်လွှတ်ရုံးမဏ္ဍပ်ကြီး၌ ပရိတ်သတ်အပေါင်းအား ရတနသုတ်နှင့်စပ်သော တရားတို့ကို ဟောပေးလေသည်။ ဤသို့ဖြင့် ရတနသုတ် သည် ဝေသာလီပြည်၌ စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်လေသည်။ ကပ်ရောဂါကာကွယ်ဖို့။ COVID-19 ကမ္ဘာ့ကပ်ရောဂါ ကာကွယ်ဖို့ ရတနသုတ်ပရိတ်တော်ရွတ်ကြ စေလိုပါသည်။ ရတနသုတ် ပရိတ်တော်ကို ယုံယုံကြည်ကြည် ရွတ်ဖတ်ခြင်းဖြင့် မိမိကိုယ်တိုင်ရော၊ ကြားနာ ရသူတိုင်းမှာ - အနာရောဂါဘေး၊ ဘီလူးသဘက်ဘေး၊ အစာငတ်မွတ်ခေါင်းပါးဘေး ဟူသော ကပ်ကြီးသုံးပါးမှ လျင်မြန်စွာ ကျော်လွှားနိုင်ပါမည်။ ပရိတ်ရွတ်ရာနေရာသို့ နတ်ကောင်းနတ်မြတ်များ အညီအညွတ်ရောက်ရှိလာကြပြီး ကူညီစောင့်ရှောက် မှုကိုလည်း ခံရတတ်ပါသည်။ ထို့ကြောင့် ကပ်ရောဂါကာကွယ်ဖို့ ရတနသုတ်ပရိတ်တော် ရိုသေလေးမြတ်စွာ ရွတ်ဖတ်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။ အချုပ်အားဖြင့်ဆိုသော် COVID-19 သည် လတ်တလောအခြေအနေတွင် မြန်မာနိုင်ငံအတွင်း စိုးရိမ်စရာ မရှိဘူးဆိုသော်လည်း၊ မစိုးရိမ်ဘဲနှင့် မနေသင့်ပေ။ ကြောက်စရာမဟုတ်ဘူးဆိုသော်လည်း ပေါ့ပေါ့တန်တန် သဘောမထားသင့်ပေ။ အထက်တွင်ဖော်ပြခဲ့သည့် ဆောင်ရန်၊ ရှောင်ရန်များကို လိုက်နာရင်း ဓမ္မနည်းအားဖြင့် ရတနသုတ်ရွတ်ဖတ်ကြရင်း ကိုရိုနာကင်းစင်သော မြန်ပြည်တခွင်ဖြစ်ပါစေကြောင်း တောင်းဆုပြုလိုက်ရပါ သည်။ ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ