နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စားသုံးသင့်သော ပုစွန်အခွံ

ဇူလိုင် ၁


လူအများစုက ပုစွန်အခွံကို မစားကြပေ။  အမှန်စင်စစ် ဆေးပညာရှုထောင့်အရ ကြည့်ပါက ပုစွန်အခွံများသည် လူသားတို့အတွက် လွန်စွာဆေးဖက်ဝင်လှသည်။ အခွံဟုဆိုသော်လည်း ဝါးစားပြီးနောက် အစာအိမ်ထဲရောက်သွားသောအခါ ၎င်းအခွံ များက ပျော်ဝင်လွယ်သော အမျှင်ဓာတ်ဖြစ်သွားကြသည်။ 

နယူးဇီလန်နိုင်ငံရှိDr. Paul Haider ဦးဆောင်သော ဆေးသုတေသီအဖွဲ့က ပုစွန်အခွံနှင့်ပတ်သက်၍ လေ့လာစမ်းသပ်မှုများ ပြုလုပ်ခဲ့ကြရာ  ပုစွန်အခွံသည် လူသားတို့အတွက် ဘေးထွက်ဆိုးကျိုး လုံးဝ မရှိသည့်အပြင်၊ ပုစွန်အခွံကို စားသုံးပေး ခြင်း ဖြင့် လူ့ခန္ဓာကိုယ်ထဲရှိ မကောင်းသော LDL ကိုလက်စထရောများ ကျစေပြီး၊ ကောင်းသော HDL ကိုလက်စထရောများကို မြင့်တက်လာစေကြောင်း တွေ့ရသည်။ ထို့ပြင် ပုစွန်အခွံစားသုံးခြင်းကြောင့် ကိုယ်အလေးချိန်ကျစေခြင်း၊ နှလုံး၊ လေငန်း၊ ဆီးချို စသည့်ရောဂါများ ဖြစ်နိုင်ခြေအလားအလာ လျော့ကျသွားခြင်း၊ သွေးတိုးကျစေခြင်း၊ အသည်းမှ အဆိပ်အတောက်များ ပြေလျော့စေခြင်း၊ သွေးယိုစီးမှုကို သက်သာစေခြင်း စသည်ဖြင့် ကောင်းကျိုးပြုသည်။


ဂျပန်နိုင်ငံရှိ ဆေးသုတေသီများက ပုစွန်အခွံသည် ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားပြီး၊ အကျိတ်အဖုများ ကြီးထွားလာမှုမှ ကာကွယ်ပေးနိုင်သဖြင့် ကင်ဆာရောဂါ ဒေဝနာသည်တွေအတွက် များစွာ ကောင်းကျိုးပြုကြောင်း အတည်ပြု ထားသည်။ 

နိုင်ငံတကာသုတေသီများ၏ နောက်ဆုံးလေ့လာချက်အရ လူသားတွေ စားသောက်လိုက်သော အစားအစာများထဲမှာ ပါလာသည့် ဗီတာမင် နှင့် သတ္တုဓာတ် အာဟာရများကို ပုစွန်အခွံက ပိုမိုကောင်းမွန်သော အာဟာရဓာတ်တွေအဖြစ် ထိန်းသိမ်း ပေးနိုင်သည်ဟု အကြံပြုထားသည်။


ထို့ကြောင့် ပုစွန်စားသောအခါ ပုစွန်အခွံကိုပါ ဝါးစားလို့ရအောင် ကြွပ်ကြွပ်ကြော်၍ စားသောက်ပေးသင့်ပါသည်။ သို့သော် အရေးကြီးဆုံးအချက်မှာ မိမိ ရွေးချယ်ဝယ်ယူခဲ့သော ပုစွန်သည် သဘာဝပုစွန်လား၊ မွေးမြူရေးကန်မှ ပုစွန်လား ဆိုသည်ကို မည်သူမျှ ခွဲခြားမသိနိုင်ပေ။ မွေးမြူရေးကန်မှပုစွန်များသည် ပုစွန်ကန်သန့်ရှင်းရေးအတွက် အသုံးပြုသော ဓာတုဆေးဝါးများ ကပ်ငြိနေ၍ ပုစွန်အခွံက ချွဲကျိနေတတ်သည်။ ထို့ကြောင့် ပုစွန်ကိုမချက်ပြုတ်ခင် ရေစင်စင်ဖြင့် အနည်းဆုံး နှစ်ကြိမ် သုံးကြိမ် ဆေးကြောသင့်ပါသည်။ 

သုတတစ်ရပ်အနေဖြင့် မျှဝေရပါလျှင် ပုစွန်ခွံကို ဇီဝနည်းအရ ခိုက်တိုစန် (chitosan) ဟုခေါ်သည်။ ၎င်းအခွံများက သက်ရှိလူသားများ အတွက်သာမက သက်ရှိသစ်ပင်များအတွက်ပါ သဘာဝမြေသြဇာအဖြစ် ကောင်းကျိုးပြုသည်။ ထို့ပြင် မွေးမြူရေး ငါး၊ ပုစွန်၊ ကဏန်းများ အခွံမာ အရိုးသန်စေရန်အတွက်ကိုလည်း ၎င်းခိုက်တိုစန်ကို သုံး၍ မွေးမြူရေးရေသတ္တဝါများအတွက် ကျွေးကြသည်။ ထို့ကြောင့် ပုစွန်ခွံများက သက်ရှိသတ္တဝါအားလုံးအတွက်သာမက၊ သစ်ပင်များအတွက်ကိုပါ အမှန်ပင် ကောင်းကျိုးပြုစေပါသည်။


သို့ပါ၍ ယခုလို မိုးရာသီမှာ ပေါပေါများများရနိုင်သော ခေါင်းတစ်ရာသား ပုစွန်လေးများ(ကျော့ပုစွန်/ဘော့ဂျိပ်)ကို “အစာလည်းဆေး၊ ဆေးလည်းအစာ”အဖြစ် စားသုံးသင့်ပါကြောင်း အကြံပြုလိုက်ရပါသည်။

ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ