နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံအတွက် အန္တရာယ်ဖြစ်စေနိုင်သည်ဟုဆိုကာ TikTok နှင့် WeChat အပါအဝင် တရုတ်နိုင်ငံထုတ် app ၅၉ ခုကို ပိတ်ပင်

ဇွန် ၃၀ နယူးဒေလီ


အိန္ဒိယနိုင်ငံအတွက် အန္တရာယ်ဖြစ်စေနိုင်သည်ဟုဆိုကာ TikTok နှင့် တရုတ်နိုင်ငံထုတ် app ၅၀ ကျော်ကို အိန္ဒိယအစိုးရက ပိတ်ပင်လိုက်သည်။ အဆိုပါ app များမှာ အိန္ဒိယနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် စည်းလုံးညီညွတ်မှု၊ အိန္ဒိယနိုင်ငံ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေနိုင်သည်ဟု အိန္ဒိယအစိုးရက ထုတ်ပြန်ခဲ့သည်။ အိန္ဒိယအစိုးရက ပိတ်ပင်လိုက်သည့် app ၅၉ ခုတွင် TikTok နှင့် WeChat ကဲ့သို့ နာမည်ကျော် app များ ပါဝင်နေသည်။ တရုတ်နှင့် အိန္ဒိယနိုင်ငံကြား အငြင်းပွားဖွယ် နယ်စပ်ကိစ္စကြောင့် တင်းမာမှုမြင့်တက်လာပြီးနောက် အိန္ဒိယအစိုးရက ယခုကဲ့သို့ ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်ဇွန်လတွင် အိန္ဒိယနှင့်တရုတ်နိုင်ငံ နှစ်နိုင်ငံလုံးက လာဒက်ဒေသသို့ စစ်သည်များ ထပ်မံစေလွှတ်ခဲ့သည်။


ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ဟိမဝန္တာနယ်စပ်တွင် နှစ်နိုင်ငံ နယ်စပ်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံး အိန္ဒိယစစ်သည် ၂၀ ဦး သေဆုံးခဲ့သည်။ ဂြိုဟ်တုဓာတ်ပုံများအရ ဟိမဝန္တာနယ်စပ်ဒေသကို အပေါ်စီးက စီးမိုးမြင်ရသည့်နေရာတွင် တရုတ်နိုင်ငံက အဆောက်အအုံသစ်များ တည်ဆောက်ခဲ့ကြောင်း တွေ့ရသည်။ တရုတ်နိုင်ငံထုတ် app များက စည်းလွတ်ဘောင်လွတ် အပြုအမူမျိုးနှင့် အသုံးပြုသူများ၏ အချက်အလက်များကို ခိုးယူ၊ ဖြန့်ဝေနေသည်ဟု သတင်းရင်းမြစ်အများအပြားက တိုင်ကြားခဲ့ပြီးနောက် အဆိုပါ app ၅၉ ခုကို ပိတ်ပင်ခဲ့ခြင်းဟု အိန္ဒိယနိုင်ငံ သတင်းအချက်အလက်နည်းပညာဝန်ကြီး ဌာနက ပြောသည်။ TikTok app မှာ တရုတ်ဈေးကွက်တွင် ရေပန်းစားခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်းကို ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။


အသုံးပြုသူသန်း ၁၂၀ ရှိသည့် အိန္ဒိယဈေးကွက်မှာ TikTok app အတွက် အကြီးမားဆုံး ပြည်ပဈေးကွက်ဖြစ်သည်။ TikTok ကုမ္ပဏီက အိန္ဒိယအစိုးရ၏ စွပ်စွဲချက်များကို ခါးခါးသီးသီး ငြင်းဆန်ခဲ့သည်။ အိန္ဒိယအစိုးရက ပိတ်ပင်ခဲ့သည့် app များတွင် Weibo ၊ Clash of Kings၊ Alibaba ကုမ္ပဏီ၏ UC Browser ၊ e-commerce app များဖြစ်သည့် Club Factory နှင့် Shein တို့လည်း ပါဝင်နေသည်။               

(KNT)






အခြားဆက်စပ်သတင်းများ