ပဲခူး- မော်လမြိုင်လမ်းပိုင်း၌ သဲဖြူကုန်းမှ ကလိခရီးစဉ်အဖြစ် ထွက်ခွာလာသည့် အမှတ် (၆၈၆) အစုန်ကျောက်ရထားသည် မွန် ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာမှ မတ် ၁၈ ရက်၊ နံနက် ၆ နာရီ ၅၅ မိနစ်တွင် ထွက်ခွာပြီး သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာ အကြား မိုင်တိုင်အမှတ် (၁၂၃/၁- ၁၂၂/၂) အကြား ဖြတ်သန်းစဉ် နံနက် ၇ နာရီ ၁၀ မိနစ်တွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲသော မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ရထားတွဲဆိုင်းတွင် ပါရှိသော မိုင်းကာတွဲအပါအဝင် စက်ခေါင်းနှင့် အတူ စက်ခေါင်းနောက် ကပ်လျက်ရှိသည့် အများပြည်သူသုံး ကျောက်များ၊ အိမ်ထောင်ပြောင်းပစ္စည်းများ ပါဝင်သည့် တွဲ ခြောက်တွဲတို့ လမ်းချော်ကျမှုဖြစ်ပွားခဲ့သည်။
လက်နက်ကိုင်အကြမ်းဖက်သမားများသည် နည်းလမ်းမျိုးစုံ ဖြင့် ဖျက်ဆီးမှုများတွင် ရထားလမ်း၊ တံတား၊ ဘူတာများနှင့် ရထား ဝန်ထမ်းနေအိမ်လိုင်းခန်းများ အပါအဝင် မြန်မာနိုင်ငံဒေသအနှံ့ အပြားရှိ ကားလမ်းများနှင့် မြစ်ကူး၊ ချောင်းကူးတံတားများ၊ ဆက်သွယ်ရေးတာဝါတိုင်များ၊ ဓာတ်အားလိုင်းတာဝါတိုင်များနှင့် ထရန်စဖော်မာများ အပါအဝင် ထောင်ချီဖျက်ဆီးခဲ့ပြီးဖြစ်သည်။လမ်းတံတားများ၊ ဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အားတို့ သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ များအတွက် မရှိမဖြစ်သော အခြေခံအဆောက်အအုံများဖြစ်ပြီး မည်သည့်အစိုးရလက်ထက်တွင်ဖြစ်စေ ကောင်းသည်ထက် ကောင်းမွန်အောင် တည်ဆောက်နေကြရမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့ မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့် အခြေခံအဆောက်အအုံများ ပိုမိုတိုးတက်ကောင်းမွန် လာစေရေး၊ ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေးစီမံကိန်း လုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ်တစိုက် အလေးထား စီမံဆောင်ရွက်ပေးလျက်ရှိသည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားကွန်ရက် တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံး ထောင် မိုင်းခွဲဖျက်ဆီးခြင်း အကြိမ် ၁၃၀၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း ၅၂ ကြိမ်၊ ဘူတာအဆောက်အအုံနှင့် ဝန်ထမ်း နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း ၁၂ ကြိမ် ကျူးလွန်ခဲ့သည်။
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်ပိုင် ရထားစက်ခေါင်းနှင့် တွဲများ၊ ရထားလမ်းနှင့် တံတားများ၊ ခရီးသည် များနှင့် ကုန်စည်များ ထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီး ခရီးသွားပြည်သူများအနေဖြင့် ရထားဖြင့် ခရီးသွားလာရာတွင် လုံခြုံစိတ်ချစွာ သွားလာမှုမရှိစေရေး ရည်ရွယ်ဆောင်ရွက်လျက် ရှိရာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုလည်းကောင်း ထိခိုက်နစ်နာဆုံးရှုံးမှု များ ဖြစ်ပေါ်စေသည့် အခြေခံအဆောက်အအုံများအား အကြမ်းဖက် ဖျက်ဆီးသည့် လုပ်ရပ်ဟူသမျှ ပြည်သူ့အားဖြင့် ဆန့်ကျင်ရှုတ်ချကြ ရမည့်အကြောင်း တိုက်တွန်းနှိုးဆော်ရပါသည်။