နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိခင်နို့တိုက်ကျွေးခြင်းသာ အကောင်းဆုံး

ရန်ကုန်   ဇွန်   ၃၀


မြန်မာနိုင်ငံရှိ ၅၄ သန်းကျော်ခန့်ရှိသော လူဦးရေစုစုပေါင်းအနက် ၆၀ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေးသူငယ်များဖြစ်ကြသည်။ နို့တိုက်မိခင်များအနေဖြင့် မွေးကင်းစမှ အသက်ခြောက်လပြည့်သည်အထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးသင့်ကြောင်း ကလေးဆရာဝန်များက တိုက်တွန်းထားသည်။
မိခင်နို့တွင် ရေဓာတ် ၈၀ ရာခိုင်နှုန်းပါဝင်ခြင်းကြောင့် ရေနှင့်အခြားမည်သည့်ဖြည့်စွက်စာကိုမျှ တိုက်ကျွေး ရန်မလိုဘဲ မိခင်နို့တစ်မျိုးတည်းသာ အသက်ခြောက်လပြည့်သည်အထိ တိုက်ကျွေးရမည်ဖြစ်သည်။


သို့သော် အချို့သောမိခင်များက မွေးဖွားပြီးကလေးများကို နို့မှုန့်၊ နို့ဘူးများသာတိုက်ကျွေးသဖြင့် ကျန်းမာရေး ချို့တဲ့ခြင်း၊ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ခြင်း၊ ခန္ဓာကိုယ်ကြီးထွားမှုနှေးကွေးခြင်းတို့ ဖြစ်တတ်သည်။ နို့မှုန့်အချို့တွင် အစာချေဖျက်နိုင်စွမ်းနည်းသည့် ဓာတ်ပစ္စည်းများပါဝင်ခြင်းကြောင့် ကလေးကျန်းမာရေး ကို ထိခိုက်နိုင်ပါသည်။ မွေးကင်းစမှ အသက်ခြောက်လပြည့်သည့်တိုင်အောင် မိခင်နို့မှတစ်ပါး အခြားမည်သည့် အရာမျှတိုက်ကျွေးခြင်းမပြုသင့်ပါ။ အသက်ခြောက်လကျော်မှသာ ကယ်လိုရီနှင့် အာဟာရဓာတ်များကျွေးမွေး သင့်ပါသည်။


အသက်ခြောက်လပြည့်သည်နှင့် နို့၊ ကြက်ဥ၊ ငါး၊ အသီးအနှံများ တိုက်ကျွေးပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်သည့် ကယ်လိုရီနှင့်အာဟာရဓာတ်များရရှိလာပြီး ခန္ဓာကိုယ်ကြီးထွားလာခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးခြင်း အစရှိသဖြင့် ဇီဝကမ္မဖြစ်စဉ်များ တိုးတက်ပြောင်းလဲလာမည်ဖြစ်သည်။ နို့တိုက်မိခင်များအနေဖြင့် လေ့ကျင့်ခန်းမပြုလုပ်ရဘဲ ယခင်ကိုယ်လုံးကိုယ်ပေါက်ကို ပြန်လည်ရရှိနိုင် သည်။


မိခင်နို့ထုတ်လုပ်ရာနှင့် ကလေးကိုနို့တိုက်ကျွေးခြင်းသည် အမျိုးသမီးများ၏ခန္ဓာကိုယ်လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည်။ မိခင်မှထွက်ရှိသောနို့သည် အရောင်နှင့်အနံ့ပြောင်းလဲနိုင်ခြင်း၊ မိခင်နို့တွင်ပါဝင်သော ဓာတ် ပစ္စည်းများက ကလေးလိုအပ်ချက်ကိုလိုက်၍ပြောင်းလဲခြင်း၊ မိခင်နို့မှာ ကလေးကြီးထွားမှုအတွက် အဓိက သော့ချက်တွေပါဝင်ခြင်း၊ မိခင်နှင့်ကလေးကိုပျော်ရွှင်စေခြင်း၊ မိခင်တွင် ကင်ဆာရောဂါနှင့် အခြားရောဂါဖြစ် နိုင်ချေကိုလျှော့ချပေးနိုင်ခြင်း၊ ကလေးငယ်ရောဂါမဖြစ်အောင်ကာကွယ်ပေးခြင်း၊ ကလေးငယ်ဉာဏ်ရည်၊ ဉာဏ်သွေးနှင့် မှတ်ဉာဏ်ကောင်းမွန်နိုင်ခြင်း၊ လမစေ့မွေးကလေးများအတွက် မိခင်နို့က ပရိုတင်းပိုမိုပါဝင် ခြင်း၊ ကလေးငယ်ကျန်းမာရေးနှင့် ညီညွတ်မှုရှိသော ကိုယ်အလေးချိန်ရရှိရေးကူညီပေးခြင်း၊ မိခင်နှင့်ကလေး ပိုမိုရင်းနှီးစေခြင်း၊ မိခင်အရိုးသန်မာစေခြင်း အကျိုးကျေးဇူးများရရှိစေနိုင်သည်။


ကလေးမိခင်များအနေဖြင့် အာဟာရစုံလင်စွာစားသုံးပေးသင့်သည်။ သို့မှသာ ကလေးအတွက် အာဟာရ ပြည့်စုံလုံလောက်စွာရရှိမည်ဖြစ်သည်။  မိခင်နို့သည် ကလေးအတွက် အာဟာရဖြစ်သကဲ့သို့ ဆေးလည်းဖြစ် သည်။ မိခင်နို့သည်သာ ကလေးအတွက်အကောင်းဆုံးဖြစ်သည်။ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ကျန်းမာ သော မိခင်ဖြစ်လာစေရန်မှာ အသက်အရွယ်အလိုက် အာဟာရပြည့်ဝကာမျှတစွာစားသုံးခြင်း၊ အနေအထိုင်မှ စ၍ လိုက်နာဆောင်ရွက်နိုင်အောင်ပြုစုထိန်းသိမ်းခြင်းကို ကျန်းမာရေးဝန်ထမ်းများနှင့် မိမိတို့မိသားစု အသိုင်းအဝိုင်းများကပါ အထူးဂရုပြုဆောင်ရွက်ပေးရမည်ဟုဆိုချင်ပါကြောင်း ။        ။






အခြားဆက်စပ်သတင်းများ