ကြံခင်း ဇွန် ၂၉
ဇွန် ၂၇ ရက်၊ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ သဲဖြူကျေးရွာအနီး၊ ကြံခင်း-ပြည်ကာလမ်း၊ မိုင်တိုင်အမှတ်(၃/၁)နှင့် (၃/၂)ကြားတွင် ဘက်ရဲမြို့မှ ကြံခင်းမြို့သို့ ဦးဝင်းအောင် မောင်းနှင်လာသော ယာဉ်အမှတ် AYY/4B-xxxx Dyna အမျိုးအစား (အစိမ်းရောင်) မိုးခိုင်စိုးကုန်တင်ယာဉ်သည် လားရာတူမောင်းနှင်နေသော ကုန်တင်ယာဉ်အား ကျော်တက်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျ တိမ်းမှောက်ကာ ကျွန်းပင်အား ဝင်ရောက်တိုက်ခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ဖြစ်သွားသည့်နေရာသို့ ကြံခင်းမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ သွားရောက်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးခဲ့ပါသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါအမျိုးသား(၂)ဦးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ကြံခင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ဦးဝင်းအောင်အား ကြံခင်းမြို့မ ရဲစခန်း၊ ယာဉ်(ပ)၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားပါကြောင်း သိရသည်။
ဆွေဦး