ရန်ကုန် ဇွန် ၂၉
မြန်မာနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက် တောင်သူလယ်သမားများကို မိုးရာသီစိုက်ပျိုးရေး စရိတ်အထူးချေးငွေအဖြစ် တစ်ဧက ကျပ် ၅ သောင်းနှုန်းဖြင့် ထပ်ဆောင်းပံ့ပိုးထုတ်ချေးသွားမည်ဖြစ်ပြီး ယင်းမှာ အထူးချေးငွေဖြစ်သည့်အတွက် တစ်ကြိမ်သာရမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
လက်ရှိ COVID-19 ကပ်ရောဂါကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အထိုက်အလျောက် ထိခိုက် နစ်နာမှုများရှိနေခြင်းကြောင့် ၂၀၂၀ ပြည့်နှစ် မိုးရာသီစိုက်ပျိုးစရိတ်အတွက် ထပ်ဆောင်းထုတ်ချေးပေးခြင်း ဖြစ်ပြီး ချေးငွေသက်တမ်းမှာ မိုးစပါးချေးငွေသက်တမ်းအတိုင်းဖြစ်ကြောင်း သိရသည်။
“တောင်သူလယ်သမားတွေကို ၂၀၂၀ ပြည့်နှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို မေ ၁၅ ရက်ထဲက ထုတ်ချေးပေးလျက်ရှိပါတယ်။ COVID-19 ကာလမှာ တောင်သူတွေခက်ခဲမှာစိုးလို့ ထပ်ဆောင်းတဲ့အနေနဲ့ တစ်ဧက ၅ သောင်းကျပ်နှုန်းနဲ့ ထပ်ဆောင်းထုတ်ချေးပေးတာပါ” ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် အထူးချေးငွေကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လမှ စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကာ လက်ရှိစိုက်ပျိုးစရိတ်ချေးငွေ အတိုးနှုန်းအတိုင်း တစ်နှစ်ကို ၅ ရာခိုင်နှုန်းပေးရမည်ဖြစ်ကြောင်းသိရသည်။
ထို့ပြင် အခြားသီးနှံချေးငွေရရှိ တောင်သူများကိုလည်း အလားတူထပ်ဆောင်းထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ချေးငွေမှာ တောင်သူ လယ်သမားတို့အတွက် COVID-19 ကာလဖြစ်၍ အထူးချေးငွေအဖြစ် တစ်ကြိမ်သာထုတ်ချေးရန်စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
မေဘယ်လ်အောင်