ဇွန် ၂၉
မကြာမီ ကျောင်းဖွင့်တော့မည်။ ပူနွေးစိုစွတ်သောမိုးရာသီက ကလေးငယ်များကို အသားဝါ၊ တိုက်ဖွိုက်၊ ကာလဝမ်းရောဂါ စသည့်ကြီးကြီးမားမား ရောဂါများအပြင် နှာစေး၊ ချောင်းဆိုး၊ တုပ်ကွေး၊ ဝမ်းလျှော၊ ဝမ်းပျက်၊ ဝဲယားနာ ကဲ့သို့ ရာသီဖျားနာ ကူးစက်ရောဂါများလည်း ဖြစ်တတ်သည်။ ထိုမျှမက အစာမကြေ၊ ရင်ပြည့်ရင်ကယ်များလည်း ဖြစ်စေနိုင်၍ မိဘများအနေဖြင့် ကျန်းမာရေးသတိဖြင့် ကြိုတင်ကာကွယ်ထားဖို့ အထူးအရေးကြီးပါသည်။
ရှေးယခင်က မြန်မာနိုင်ငံတွင် မိုးတွင်းမှာသာ သွေးလွန်တုပ်ကွေးဖြစ်ကြသော်လည်း ယခုနောက်ပိုင်း နှစ်များအတွင်း တစ်နှစ်ပတ်လုံးလိုလို သွေးလွန်တုပ်ကွေးဖြစ်ကြသည်။ မိုးဦးလေဦးရာသီတွင် ခြင်ပို၍ ပေါသဖြင့် သွေးလွန်တုပ်ကွေးရောဂါက မိုးရာသီကျောင်းဖွင့်စအချိန် ကျောင်းနေအရွယ်ကလေးများတွင် ကူးစက်ဖျားနာ အဖြစ်များလာကြ၍ အထူးသတိရှိဖို့လိုပါသည်။
၀မ်းပျက်ဝမ်းလျှောမှာလည်း ရှေးယခင်က ပုံမှန်အားဖြင့် ဆောင်းရာသီနှင့် နွေရာသီတွင် ဖြစ်ပေါ်လေ့ရှိရာ ဆောင်းရာသီတွင် ဗိုင်းရပ်စ်ကြောင့်ဖြစ်ပေါ်ပြီး နွေရာသီတွင် ဗက်တီးရီးယားပိုးကြောင့် ဖြစ်ပေါ်သည်။ ယခုနောက်ပိုင်းနှစ်များတွင် ကျောင်းနေအရွယ်ကလေးများ အစားအသောက်မသန့်ရှင်းမှု၊ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းမှု၊ အိမ်နှင့်ကျောင်း ပတ်ဝန်းကျင်တွင် ခြင်များ ခိုအောင်းမှုတို့ကြောင့် မိုးဦးလေဦးကာလ ကျောင်းဖွင့်စတွင် ဝမ်းပျက်ဝမ်းလျှောအဖြစ်များသည်။
ထို့ကြောင့် အောက်ဖော်ပြပါ ရှောင်ရန်၊ ဆောင်ရန် နည်းများစွာဖြင့် သင့်ရင်သွေးကို မိုးရာသီအတွင်း ကျန်းမာကြံ့ခိုင်အောင် ဂရုတစိုက် ပြုစုစောင့်ရှောက်သင့်ပါသည်။
- အကယ်၍ သင့်ကလေးသည် အရေပြားပါးလွှာပြီး၊ ယားနာဖုများ မကြာခဏ ထွက်လေ့ရှိသူဖြစ်ပါက ယခုလို မိုးရာသီမှာ ပို၍ သတိထားရပါမည်။ ကူးစက်ပိုးများကို နှိမ်နင်းနိုင်သော ကာဘော်လိပ်၊ ဒတ်တောလ် စသည့် ကိုယ်တိုက်ဆပ်ပြာသုံး၍ ရေချိုးသန့်စင်ပါ။ လည်ပင်း၊ ဂုတ်၊ ဂျိုင်းကြား၊ ပေါင်ခြံ၊ လိင်အင်္ဂါ စသည့် အရေပြား အတွန့်အခေါက်များသော နေရာများကို အထူးဂရုစိုက်၍ သန့်ရှင်းမှုပြုပါ။ ရေချိုးပြီးသောအခါ သနပ်ခါး (သို့မဟုတ်) လိမ်းနေကျ ကိုယ်လိမ်းပေါင်ဒါ လိမ်းပေးပါ။
- “သွေးလွန်တုပ်ကွေးအစ၊ ခြင်ကျားသတ္တဝါက” ဖြစ်ပါသည်။ အရေးကြီးဆုံးမှာ ခြင်ကိုက် မခံရအောင် အထူး သတိထားဖို့လိုသည်။ အင်္ကျီလက်ရှည်၊ ပုဆိုးရှည်ရှည်ဝတ်ဆင်ခြင်း၊ ခြင်ထောင်ဖြင့်အိပ်စက်ခြင်း၊ ရေစီးရေလာ ကောင်းပြီး ခြင်မပေါက်ပွားစေရန် ရေဆိုးမြောင်းများရှင်းလင်းခြင်း၊ လေဝင်လေထွက်ကောင်းပြီး ခြင်မခိုအောင်းနိုင်အောင် အိမ်တွင်းအိမ်ပြင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ခြံတွင်းခြံပြင် ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ ကိုယ်ထူကိုယ်ထ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်း စသည်တို့ကို မိမိအသိစိတ်ဓာတ်ဖြင့် အိမ်ထောင်စုအသီးသီးတိုင်း တာဝန်ယူတတ်ကြဖို့လိုသည်။ ထိုသို့ပြုမူ နေထိုင်ခြင်းဖြင့် သန့်ရှင်းကျန်းမာသော စံပြရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်မှသည် မြန်မာတစ်ပြည်လုံး အတိုင်းအတာထိ သွေးလွန်တုပ်ကွေးရောဂါ ကျဆင်းလာမည် ဖြစ်ပါသည်။
- စွတ်စိုထိုင်းမှိုင်းသော မုတ်သုံရာသီက ခန္ဓာကိုယ်တွင်းချွေးငုပ်စေကာ ချွေးပုပ်တွေထွက်လေ့မရှိပေ။ ထို့ကြောင့် တအုံနွေးနွေးဖြင့် ကိုယ်တွင်းအပူရှိန် ခိုအောင်းလာတတ်သည်။ မိုးရာသီမှာ ရေမှန်မှန် ချိုးပေးရပါမည်။
- မိုးတစိမ့်စိမ့် အေးသောနေ့တွင် ခြေဖျား၊ လက်ဖျားများ နွေးထွေးအောင်ထားပါ။ လိုအပ်ပါက ရေနွေး ပုလင်း (အပူဒဏ်ခံနိုင်ရုံလောက်သာ) ကပ်ပေးပါ။
- မိခင်ရောကလေးပါ လက်များကိုစင်ကြယ်စွာ ဆေးကြောသည့် အလေ့အထလုပ်ပြုလုပ်ခြင်းက ခံတွင်းမှတစ်ဆင့် အစာလမ်းကြောင်းတစ်လျှောက် ကူးစက်ရောဂါ မဖြစ်စေနိုင်တော့ပေ။ အစာမစားခင်၊ အစာစားပြီးချိန်နှင့် ကျင်ကြီးကျင်ငယ် စွန့်ပြီးတိုင်း လက်ကို စင်စင်ဆေးပါ။ သင့်ရင်သွေးကို လက်သည်းမှန်မှန်ညှပ်ပေးပါ။
- လက်လုပ်ချဉ်များ၊ အသုပ်စုံများ၊ မသန့်ရှင်းသည့် အစားအစာများ၊ မသန့်ရှင်းသည့် သောက်ရေသုံးရေများ၊ အမှည့်လွန်သစ်သီးများ၊ ယင်နားစာများ၊ သန့်ရှင်းလတ်ဆတ်မှုမရှိသော လမ်းဘေးအစားအစာများ စသည်တို့က ကျန်းမာရေးနှင့် (လုံး၀) မညီညွတ်နိုင်ပေ။ နောက်ဆက်တွဲ ပြဿနာများအဖြစ် အစာအိမ်နာခြင်းနှင့် အစာအဆိပ်သင့်ခြင်းအတွက်ကိုပါ စိုးရိမ်ရသည်။ အထူး သဖြင့် ကိုယ်ခံအားနည်းသော ရင်ခွင်ပိုက်ကလေးငယ်များ၊ ကျောင်းနေအရွယ်ကလေးများနှင့် သက်ကြီး ရွယ်အိုတွေအတွက် အသက်အန္တရာယ်နီးသည်။
- ဥပမာ ယင်ကောင် သတ္တဝါများနှစ်သက်သော သရက်သီးအခွံနှင့် နာနတ်သီးခွံကဲ့သို့ စွန့်ပစ် ပစ္စည်းများကို ပလတ်စတစ်အိတ်နှင့် လုံခြုံအောင်ထုပ်၍ အမှိုက်ပုံးထဲ စံနစ်တကျစွန့်ပါ။
- ဝဲယားနာ ဗိုင်းရက်(စ်)ပိုးမွှားများ အန္တရာယ်မှကင်းဝေးစေရန်အတွက် သင့်ကလေးကို ရွှံ့ရေ၊ မြောင်းရေ နှင့် မိုးရွာပြီးနောက် တင်ကျန်ရစ်ခဲ့သော ရေအိုင်များတွင် ဆော့ကစားခွင့် မပြုသင့်ပေ။
- သင့်ကလေး၏ ခြေထောက်တစ်စုံကို ခြောက်သွေ့အောင်ထားခြင်းက အအေးမိ၊ အစာမကြေ ပျို့အန်ဝေဒနာများမှ ကာကွယ်ရာရောက်ပါသည်။ ထို့ပြင် ကလေးစီးနေကျ ဖိနပ်ကိုလည်း သန့်ရှင်းစင်ကြယ် ခြောက်သွေ့စေ ခြင်းဖြင့် ခြေထောက်မှာ သဲဝဲ၊ ရေဝဲ စားခြင်းတွေ မဖြစ်စေတော့ပေ။
- နုနယ်သောကလေးများအတွက် မိုးရာသီက အစာမကြေဖြစ်တတ်သည်။ ဝက်၊ အမဲ စသည့် အနီရောင် အသား များကျွေးခြင်းထက်၊ ချေဖျက်လွယ်သော ကြက်နှင့်ငါးအမျိုးမျိုး တို့ကိုသာ ဦးစားပေးကျွေးပါ။
- ဂျင်း၊ ကြက်သွန်ဖြူ ဖြင့် စီမံချက်ပြုတ်ထားသော ကြက်စွပ်ပြုတ် ပူပူနွေးနွေးက အာဟာရဖြစ်စေသလို မုတ်သုံရာသီ အအေးမိဖျားနာခြင်း ဘေးမှလည်း ကာကွယ်ပေးပါသည်။
- ဗီတာမင်စီဓာတ်ကြွယ်ဝသော ဟင်းသီးဟင်းရွက် သစ်သီးဝလံများကျွေးပါ။ လိုအပ်ပါက ဗီတာမင်စီဆေးပြားကို ဖြည့်စွက်စာအဖြစ် တိုက်ကျွေးပေးနိုင်ပါသည်။
- အနေအထိုင် မသန့်ရှင်းသော (သို့မဟုတ်) ဖိနပ်မပါ ခြေဗလာဖြင့်သွားလာတတ်သော (သို့မဟုတ်) အစားအသောက်မဆင်ခြင်သော ကလေးများတွင် သန်ကောင်၊ တုပ်ကောင်များ စွဲကပ်နေတတ်သည်။ သန်ကောင်ရှိ သော ကလေးများမှာ ဗိုက်ပူနံကား၊ မျက်တွင်းဟောက်ပက်ဖြစ်ကာ စားသမျှ အာဟာရမဖြစ်ဘဲ ပိန်လှီနေတတ်သည်။ သို့ပါ၍ အစာအိမ်အတွင်း သန်ကောင်၊ တုပ်ကောင်များ ကင်းစင်စေရန် ပုံမှန် သန်ချပေးဖို့လိုအပ်သည်။ သင်္ဘောသီးအစေ့ထဲတွင်ပါရှိသော သဘာဝဓာတ်က သန်ကောင်ကျစေသည်။ သန်ရှိသော ကလေးငယ်၏ အသက်အရွယ်အတိုင်း သင်္ဘောသီးစေ့အရေအတွက်ကိုယူကာ ထုထောင်းလျက် ညအိပ်ယာဝင်ခါနီး တိုက်ကျွေးပေးပါ။ (၎င်းဆေးတိုက်ကျွေးပြီးနောက် အစာမကျွေးပါနှင့်၊ ဝမ်းနှုတ်ဆေး မတိုက်ပါနှင့်၊ နောက်တစ်နေ့ နံနက် ဝမ်းသွားပြီးပါက ရေအဝတိုက်ပါ၊ တစ်နာရီခန့်ကြာမှသာ အစာကျွေးပါ) လူကြီးများ သန်ကောင် (သို့မဟုတ်) တုပ်ကောင်ချလိုပါက သင်္ဘောစေ့ အစေ့ ၂၀ ခန့်ကို စား၍ အထက်ပါနည်းအတိုင်း လုပ်ဆောင်ပါ။
ပေါက်ပေါက်