နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယာဉ်မောင်းလိုင်စင်ဖြေဆိုမှုနှင့်အတူ ပညာပေးသင်တန်းကို ရွာသာကြီးရုံး၌ လုပ်ဆောင်နိုင်ရန်လျာထား

ရန်ကုန် ဇွန် ၂၉


ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ယာဉ်မောင်းလိုင်စင် စာတွေ့၊ လက်တွေ့ဖြေဆိုမှုနှင့်အတူ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးသင်တန်းများကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးရုံးခွဲ (ရွာသာကြီး)၌ ကျင်းပ သွားနိုင်ရန်လျာထားကြောင်း သိရသည်။


“အရင်ကတော့ မြင်သာရုံးမှာ ရေးဖြေ ဖြေဆိုပြီးတာနဲ့ ရွာသာကြီးရုံးမှာ လက်တွေ့ဖြေဆိုရပါတယ်၊ ပြင်ပက သင်တန်းတွေရဲ့ သင်တန်းဆင်းလက်မှတ်မရှိတဲ့သူတွေကို ဒီမှာယာဉ်စည်းကမ်း လမ်းစည်းကမ်း သင်တန်းပေး တယ်၊ ပြီးမှ ရေးဖြေဖြေဆိုမှုကို စတင်လုပ်ဆောင်စေတာပါ။ ဒါကိုလည်း အရင်က မြင်သာရုံးမှာပဲလုပ်တာပါ၊ အခုက လောလောဆယ် ဖြေဆိုတာတွေကို ပိတ်ထားတယ်။ ပြန်ဖွင့်လို့ရှိရင်တော့ ရွာသာကြီးရုံးခွဲမှာပဲ ဖွင့်ဖြစ်ဖို့တော့ ရှိနိုင်တယ်။ လောလောဆယ်မှာ ဝန်ကြီးဌာနကို လုပ်ငန်းအစီအစဉ်တွေတင်ပြထားဆဲဖြစ်ပါ တယ်။  အဓိက ကတော့ Social Distancing အနေနဲ့လည်း လုပ်နိုင်ဖို့က အရေးကြီးတာကြောင့်ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။


ယာဉ်မောင်းလိုင်စင်ဖြေဆိုသူများမှာ ပြင်ပသင်တန်းဆင်းလက်မှတ်မရှိသူများသည် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ပြုလုပ်သည့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းပညာပေးသင်တန်းကို နေ့တစ်ဝက်တာ တက်ရောက်ပြီးနောက် ယင်းသင်တန်းတက်ရောက်ခဲ့သည့် လက်မှတ်နှင့်အတူ ရေးဖြေ ဖြေဆိုမှုများကို မြင်သာရုံး၌ လုပ်ဆောင်ကြရကြောင်း၊ ရေးဖြေအတွက် အမြင်အာရုံစစ်ဆေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်း၊ ဓာတ်ပုံရိုက်ခြင်း အပါအဝင် လုပ်ငန်းစဉ်အလိုက် လုပ်ငန်းအသီးသီးကို လုပ်ဆောင်ကာ ရေးဖြေကို ဖြေဆိုအောင်မြင်ပြီးသည့်နောက်တွင် ရွာသာကြီးရုံးသို့သွားရောက်ကာ လက်တွေ့ဖြေဆိုရန်အတွက် လုပ်ငန်းအစီအစဉ်များကို ဆက်လက် လုပ်ဆောင်ကြရသည်။


ယခုအခါ COVID ကြောင့် ပိတ်ထားခဲ့သည့် လုပ်ငန်းများကို တစ်ဆင့်ချင်းပြန်လည်ဖွင့်လှစ်လုပ်ဆောင်နေပြီး ကနဦးယာဉ်မှတ်ပုံတင်မှု လုပ်ငန်းကို အရင်ဆောင်ရွက် ပေးပြီးနောက် မော်တော်ယာဉ်သက်တမ်းတိုးဆိုင်ရာကိစ္စများ၊ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုး ကိစ္စများ၊ ယာဉ်မှန်မမှန်စစ်ဆေးမှုများကိုလည်း ဆက်လက်ဆောင်ရွက်ပေးခဲ့သည်။


ထိုသို့ လုပ်ငန်းများဆောင်ရွက်သည့်အခါ COVID 19 ကပ်ရောဂါကြောင့် Social Distancing အပိုင်းကို အလေးထား ဆောင်ရွက်ရာတွင် မြင်သာရုံးတွင် နေရာကျဉ်းမြောင်းမှုများလည်းရှိကာ လူစုလူဝေးမဖြစ်စေရန် ကြပ်မတ်ဆောင်ရွက်နေရသည့်အတွက် လတ်တလောတွင် ယာဉ်မောင်းလိုင်စင်အတွက် စာမေးပွဲ စစ်ဆေးခြင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ပညာပေးသင်တန်းဖွင့်ခြင်း စသည့်လုပ်ငန်းများကို လတ်တလောကာလတွင် လုပ်ဆောင်ပေးနိုင်ခြင်းမရှိသေးဘဲ လုပ်ငန်းအစီအစဉ်များကိုသာ ကြိုတင် စီမံရေးဆွဲထားခြင်းဖြစ်သည်ဟု သိရသည်။


“အခု ယာဉ်မောင်းရေးဖြေနဲ့ လက်တွေ့အတွက်ရော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သင်တန်းအတွက်ပါ တစ်နေရာတည်း ဆောင်ရွက်နိုင်ဖို့ အဆောက်အအုံကို အလျင်အမြန် စီစဉ်ဆောက်လုပ်နေပါတယ်။ ဒါပြီးတာနဲ့ လုပ်ငန်းစလို့ရပါပြီ။ အကြမ်းဖျင်းကတော့ သြဂုတ်လထဲလောက်မှာ ပြန်စတင်နိုင်ဖို့မှန်းထားပေမယ့် အတည်တော့မဖြစ်သေးပါဘူး”ဟု အဆိုပါ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။


ထိုအဆောက်အအုံတည်ဆောက်မှုလုပ်ငန်းများကို ဇူလိုင်လအတွင်းပြီးစီးစေရန် တွန်းအားပေးကာ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။       


(HK)






အခြားဆက်စပ်သတင်းများ