နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပန်းဆိုးတန်း - ဒလ ကူးတို့လမ်းကြောင်း၌ ခရီးသည်စီးနင်းမှုတိုးလာ

ရန်ကုန် ဇွန် ၂၈


ရန်ကုန်မြို့တွင် အရေးပါသော ရေကြောင်းကူးတို့ခရီးလမ်းအဖြစ် ခရီးသည်များစွာအသုံးပြုသွားလာနေရသော ပန်းဆိုးတန်း - ဒလ ကူးတို့ရေယာဉ်လမ်းကြောင်းတွင် COVID 19 ကြောင့် ခရီးသည်လျော့ပါးသော အခြေအနေမှ ယခုရက်ပိုင်းအတွင်း အနည်းငယ်တိုးလာခဲ့ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ပန်းဆိုး တန်းဆိပ်ကမ်းမန်နေဂျာရုံးမှ သိရသည်။

“အခု စီးနင်းတဲ့ခရီးသည်က တော်တော်လေးတိုးလာပြီ၊ COVID မဖြစ်ခင် အခြေအနေနီးပါးလောက်တော့ ရောက်လာပါပြီ၊ ဒါကလည်း ရုံးတွေ၊ ကုမ္ပဏီတွေဖွင့်တာတွေရှိတာကြောင့်လည်း ဖြစ်ပါတယ်၊ အရင်လို ပြန်ဖြစ်လာမယ့် အနေအထားဖြစ် မဖြစ်ဆိုတာက COVID 19 နဲ့ ပတ်သက်တဲ့ အခြေအနေတွေအပေါ်လည်း မူတည်ပါတယ်၊ တစ်ခုထူးခြားတာက အခုလို စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေဆိုရင် အရင်ကတော့ ဟိုသွားဒီသွားနဲ့ သွားကြတဲ့ ခရီးသည်တွေ လာရောက်စီးနင်းကြတာရှိတယ်၊ အခုကျတော့ သိပ်မရှိဘူး၊ ဟိုသွားဒီသွားလည်း သိပ်မရှိကြသေးဘူးလေ”ဟု ပန်းဆိုးတန်းဆိပ်ကမ်းမန်နေဂျာ ဒေါ်ခင်ခင်နုက ရှင်းပြ သည်။


အဆိုပါ ကူးတို့ရေယာဉ်လိုင်းတွင် ခရီးသည်တစ်ဦးလျှင် လက်မှတ်ခ ၁၀ဝ ကျပ်သာ ကျသင့်ကာ ယခင်က တစ်ရက်လျှင် ခရီးသည် ၃၀ဝ၀ဝ ဝန်းကျင်ခန့် နေ့စဉ်သွားလာ နေကြပြီး သင်္ကြန်ရက်ပိတ်ရက်နှင့် Home Stay ရက်များတွင် တစ်ရက်လျှင် ၃၀ဝ မှ ၅၀ဝ ကြားလောက်သာ သွားလာနေရာမှ မေလတွင် ၅၀ဝ၀ မှ ၈၀ဝ၀ ဝန်းကျင်လောက် အထိ တိုးလာပြီး ဇွန်လ ၁ ရက်မှ စတင်ကာ ပြေးဆွဲမှုခေါက်ရေကို ပုံမှန်အတိုင်း ခေါက်ရေ ၉၀ ကျော်အထိ ပြန်လည်တိုးကာ ပြေးဆွဲသော်လည်း ခရီးသည် စီးနင်းမှုမှာ ၁၅၀ဝ၀ မှ ၁၈၀ဝ၀ ကြားသာ တိုးလာခဲ့ကြောင်း၊ ယခု ဇွန်လကုန်ပိုင်းတွင် တစ်ရက်လျှင် ခရီးသည် ၂၀ဝ၀ဝ နီးပါးအထိ အနည်းငယ်ထပ်မံ၍ တိုးလာသော်လည်း ယခင် COVID 19 မတိုင်ခင် အခြေအနေကို မီရန် လိုအပ်ချက်များရှိနေသေးကြောင်း သိရသည်။ “အခုအချိန်အထိလည်း သင်္ဘောပေါ်မှာ ကိုဗစ်နဲ့ပတ်သက်တဲ့ ပညာ ပေးတာတွေကို လုပ်ဆောင် ပါတယ်၊ အသံချဲ့စက်တွေနဲ့လည်း သတိပေးနေပါတယ်၊ လူထုကြားမှာ ခရီးသွားရင်း ကူးစက်တာမျိုးမရှိအောင် Social Distancing အနေနဲ့ တစ်ယောက်နဲ့တစ်ယောက် သုံးပေအကွာ နေဖို့တွေ ဖြစ်နိုင်ရင် ခြောက်ပေအထိ ခွာဖို့ပေါ့ သတိပေးတယ်၊ လက်ဆေးရည်၊ Hand Gel တွေ၊ ဘေစင်တွေကိုလည်း ထားပေးထားတယ်၊ ခရီးသည် တိုင်းဟာ ဆိပ်ကမ်းဧရိယာကို ဝင်တာပဲဖြစ်ဖြစ်၊ သင်္ဘောပေါ်ကို တက်တာပဲ ဖြစ်ဖြစ် Mask တပ်ဖို့၊ လက်ဆေးဖို့ ကြပ်မတ်နေပါတယ်၊ ဘာလို့လဲဆိုတော့ ကိုဗစ်က အခုအထိ ပြီးသွားတဲ့အခြေအနေမျိုး မဟုတ်သေးပါဘူး၊ ဒါကြောင့်လည်း မပေါ့ဆဖို့ သတိရှိကြဖို့ လုပ်ဆောင်နေပါတယ်”ဟု ၄င်းက ရှင်းပြသည်။


ထို့အပြင် ညဘက်တွင် ကူးတို့လိုင်းများသိမ်းသည့်အခါ ရေယာဉ်များပေါ်တွင်လည်းကောင်း၊ ဆိပ်ခံတံတား များ၊ ခရီးသည်နားနေဆောင်များ အပါအဝင် နေရာများအားလုံးကို ပိုးသတ်ဆေးဖျန်းသည့် အစီစဉ်ကို နေ့စဉ် နေ့တိုင်းလုပ်ဆောင်ပေးနေကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီးဘက်မှ မော်တော်ယာဉ်များဖြင့် လာရောက်သူအများစုမှာ အဆိုပါကူးတို့ရေယာဉ်များအသုံးပြုစီးနင်းသည့်အခါ ရန်ကုန်မြို့တွင်း မြို့လယ် ဧရိယာသို့ အချိန်ကုန်သက်သာစွာဖြင့် အလွယ်တကူ ချက်ချင်းရောက်ရှိနိုင်သလို သွားလာမှုချောမွေ့ စေရေးအတွက် ခရီးသည်များ အားထားရသည့် ရေယာဉ်လိုင်းလည်းဖြစ်ကြောင်း သိရသည်။

ထိုကူးတို့ရေယာဉ်ခရီးစဉ်လမ်းကြောင်းတွင် ရေယာဉ်နှစ်စင်းဖြင့် နေ့စဉ်ပြေးဆွဲနေပြီး နံနက် ၅ နာရီ ကျော်တွင် ဒလဘက်ကမ်းမှ စတင်ထွက်ခွာ၍ ည ၈နာရီခွဲတွင် ပန်းဆိုးတန်းဘက်အခြမ်းမှ ဒလဘက်သို့ ရေယာဉ်များ ထွက်ခွာပြီး ဒလဘက်တွင် ညအိပ်ရပ်နားမှုများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။           


(HK)






အခြားဆက်စပ်သတင်းများ