ကမ္ဘာတစ်ဝန်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သက်ကြီးရွယ်အို ဦးရေ သည် အရှိန်အဟုန်ဖြင့် တိုးတက်မြင့်မားနေသည်။ ယနေ့မြန်မာနိုင်ငံ တွင် လူဦးရေ သန်း ၆၀ နီးပါး ရောက်ရှိလာပြီဖြစ်သည်။ သက်ကြီး ရွယ်အိုများ လျှင်မြန်စွာ တိုးတက်လာပြီး ပါဝင်နှုန်းသည် ကိုး ရာခိုင်နှုန်းခန့် ဖြစ်လာနိုင်သည်ဟု ခန့်မှန်းထားသည်။
လူ့လောကသို့ ရောက်လာသူတိုင်းသည် မိခင်၏ကျေးဇူး နှင့် ကင်းလွတ်သည် မရှိပါ။ သို့ဖြစ်ရာ လူဖြစ်လာသူတိုင်းသည် မိခင်၏ ကျေးဇူးအား သိတတ်ကြ၊ ကျေးဇူးဆပ်တတ်ကြသည်။ သားသမီးတို့သည် မိဘကျေးဇူးကို ပစ္စည်းဥစ္စာတို့ဖြင့် ဆပ်၍ မကုန်နိုင်၊ မိဘအား ဓမ္မဖြင့် ကျေးဇူးဆပ်ခြင်းဖြင့်သာ ကျေနိုင် ကြောင်း မြတ်စွာဘုရားက ဟောကြားတော်မူခဲ့သည်။
ယနေ့အခြေအနေတွင် မိခင်ကို တင့်တောင့်တင့်တယ်ထား ခြင်း၊ စိတ်ချမ်းသာအောင်ထားခြင်း၊ ဓမ္မဖြင့် ကျေးဇူးဆပ်ခြင်း တစ်ဦးနှင့် တစ်ဦးကျေးဇူးဆပ်ခြင်းကတော့ မတူညီနိုင်။ မည်သို့ ပင် ကျေးဇူးဆပ်သော်လည်း ဆပ်၍ ကုန်မည် မဟုတ်ပါ။
အဘိုး၊ အဘွားများ၏ ဘဝရှေ့ရေးသာယာချမ်းမြေ့မှုကို စောင့်ရှောက်ကာကွယ်ကူညီတတ်သည့် မြန်မာတို့၏ လူမှုရေး ဓလေ့စရိုက် အစဉ်အလာများ၊ သက်ကြီးရွယ်အိုများကို အလေး ထား ကူညီစောင့်ရှောက်မှုများသည် မွန်မြတ်သည့်လုပ်ငန်း ဖြစ်သည်။
အဘိုး၊ အဘွား၊ မိဘများနှင့် သား၊ သမီး၊ မြေးမြစ်များ အတူတကွ ချစ်ချစ်ခင်ခင်နေထိုင်ခြင်း၊ အဘိုး၊ အဘွား၊ မိဘတို့ကို သား၊ သမီး၊ မြေး၊ မြစ်များက ရိုသေလေးစားခြင်း၊ ကျေးဇူးရှင်များ အဖြစ် ဦးထိပ်ပန်ဆင်ခြင်း၊ သားသမီးဝတ်ငါးပါးနှင့်အညီ ကျေးဇူး ဆပ်ခြင်း၊ ပြန်လည်ပြုစုစောင့်ရှောက်ခြင်းစသည့် ဓလေ့စရိုက် များသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူများအကြား တွင် ချစ်စရာဓလေ့စရိုက်အဖြစ် ယနေ့တိုင်မယိုင်မလဲ ခိုင်မြဲလျက် ရှိသည်။
နိုင်ငံတော်က နိုင်ငံတစ်ဝန်းရှိ အသက် ၈၀ နှစ်၊ နှစ် ၁၀၀ အထက် အဘိုး၊ အဘွားများအား ထောက်ပံ့ချီးမြှင့်ငွေများ ချီးမြှင့် ခဲ့သည်။ မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အိုများ စောင့်ရှောက်မှုကို လူမှုအကူအညီပေးရေးဆိုင်ရာ လုပ်ငန်းများအဖြစ် သတ်မှတ် ဆောင်ရွက်လျက်ရှိရာ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက် များကို အတိုင်းအတာတစ်ခုအထိ စောင့်ရှောက်မြှင့်တင်ပေးနိုင် ခြင်းကို လူမှုဝန်ထမ်းစိတ်ဓာတ်ဖြင့် ပါဝင်ကူညီဆောင်ရွက်ရန် လိုအပ်သည်။
သို့ဖြစ်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ရပ်ရွာပြည်သူများကပါ တက်ကြွစွာ ပါဝင် ကူညီစောင့်ရှောက်စေချင်ကြောင်း။ ။