နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနယ်စပ်ရှိ တရုတ်တပ်ဖွဲ့များကို လေ့ကျင့်ပေးရန် သိုင်းဆရာ ၂၀ ဦး စေလွှတ်ခဲ့ဟု ဆို

ဇွန် ၂၈   ဘေဂျင်း


နယ်စပ်ရှိ တပ်ဖွဲ့များကို လေ့ကျင့်ပေးရန်အတွက် တရုတ်နိုင်ငံက သိုင်းဆရာ ၂၀ ဦးကို တိဗက်ကုန်းမြှင့်ဒေသသို့ စေလွှတ်ခဲ့သည်ဟု ဆိုသည်။ နယ်စပ်တပ်ဖွဲ့များကို သိုင်းဆရာများဖြင့် လေ့ကျင့်စေသည့် တရားဝင် အကြောင်းပြချက်ကို ထုတ်ပြန်ခြင်းမရှိသေးပေ။ သို့သော် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ဟိမဝန္တာနယ်စပ်တွင် တရုတ်နယ်ခြားစောင့်တပ်ဖွဲ့များနှင့် အိန္ဒိယစစ်သည်များ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံး အိန္ဒိယစစ်သည် ၂၀ ဦး သေဆုံးခဲ့ပြီးနောက် ယခုကဲ့သို့ သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။ 


၁၉၉၆ ခုနှစ်က ချုပ်ဆိုခဲ့သည့် သဘောတူစာချုပ်အရ တရုတ်နှင့် အိန္ဒိယတပ်ဖွဲ့များအနေဖြင့် အဆိုပါဒေသတွင် သေနတ်နှင့် ဖောက်ခွဲရေးပစ္စည်းများ သယ်ဆောင်အသုံးပြုခွင့်မရှိပေ။ အိန္ဒိယစစ်သည်များနှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်သည်မည်မျှကျဆုံးခဲ့သည်ဆိုခြင်းကို တရုတ်နိုင်ငံက ထုတ်ပြန်ခြင်းမရှိသေးပေ။ တရုတ်စစ်သည်များကို သိုင်းဆရာများဖြင့် လေ့ကျင့်ပေးနေသည်ဆိုသည့်သတင်းကို ဇွန်လ ၂၀ ရက်တွင် တရုတ်အစိုးရ၏ သတင်းဌာနများက ဖော်ပြခဲ့ခြင်းဟု ဆိုသည်။ 


အန်ဘိုတိုက်ခိုက်ရေးအားကစားကလပ်မှ သိုင်းဆရာ ၂၀ မှာ တိဗက်ဒေသမြို့တော် လာဆာမြို့တွင် အခြေချနေထိုင်မည်ဟု CCTV သတင်းဌာနက ဖော်ပြသည်။ သို့သော် တရုတ်နယ်ခြားစောင့်တပ်ဖွဲ့များကို လေ့ကျင့်ပေးမည် ဟုတ်၊ မဟုတ် ဆိုခြင်းကို အတည်ပြုခဲ့ခြင်းမရှိပေ။ ဇွန်လ ၁၅ ရက်က ဂယ်ဝမ်တောင်ကြားတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့်ပတ်သက်၍ တရုတ်နှင့် အိန္ဒိယနိုင်ငံများက အပြန်အလှန် ပြစ်တင်ဝေဖန်လျက်ရှိသည်။       

 (KNT)






အခြားဆက်စပ်သတင်းများ