နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရဲတပ်ဖွဲ့က ထိန်းသိမ်းထားသည့် သားအဖနှစ်ဦး သေဆုံးမှုအတွက် အိန္ဒိယပြည်သူများ ဒေါသထွက်နေ

ဇွန် ၂၈ နယူးဒေလီ


အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူပြည်နယ်တွင် ရဲတပ်ဖွဲ့က ထိန်းသိမ်းထားသည့် သားအဖနှစ်ဦး သေဆုံးမှုအတွက် ပြည်သူများက ဒေါသထွက်နေကြသည်။ အသက် ၅၈ နှစ်အရွယ် ဇီယာရာဂျ်နှင့် အသက် ၃၈ နှစ်အရွယ် သားဖြစ်သူ ဖီနစ်တို့မှာ ယင်းတို့၏ စတိုးဆိုင်များကို ခွင့်ပြုချိန်ကျော်လွန်သည့်အထိ ဖွင့်လှစ်ခဲ့သည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရသည်။ တမီလ်နာဒူပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးရန် ပိတ်ဆို့မှုများ ချမှတ်ထားဆဲဖြစ်သည်။ သားအဖနှစ်ဦးမှာ ရဲစခန်းတွင် ညလုံးပေါက် ထိန်းသိမ်းခံရပြီးနောက် ၂ ရက်အကြာတွင် တစ်ဦးနှင့်တစ်ဦး နာရီပိုင်းခြားပြီး ကွယ်လွန်သွားခဲ့သည်။ ယင်းတို့နှစ်ဦးမှာ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည်ဟု ကျန်ရစ်သူဆွေမျိုးများက ပြောသည်။ 


ညှဉ်းပန်းနှိပ်စက်ခဲ့သည်ဆိုသည့် အသေးစိတ်အချက်အလက်များ ထွက်ပေါ်လာခဲ့ပြီးနောက် အိန္ဒိယပြည်သူများက အရေးယူပေးရန် တောင်းဆိုခဲ့ကြသည်။ တမီလ်နာဒူပြည်နယ်မှ အတိုက်အခံ နိုင်ငံရေးသမားများက လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပြီး ကုန်သည်များအဖွဲ့အစည်းကလည်း ရဲတပ်ဖွဲ့၏ လုပ်ရပ်များကို ရှုတ်ချခဲ့သည်။ ဒေသခံတရားရုံးတစ်ရုံးက အဆိုပါကိစ္စကို ကြားနာမှုလုပ်မည်ဖြစ်သည်။ သားအဖနှစ်ဦးကို ဖမ်းဆီးခဲ့သည့် ရဲအရာရှိများကို နေရာရွှေ့ပြောင်းခဲ့ပြီး ပြည်နယ်အစိုးရက ကျန်ရစ်သူမိသားစုများအတွက် နစ်နာကြေး ရူပီးတစ်သန်း (အမေရိကန်ဒေါ်လာ ၁၃၂၂၂) ပေးအပ်ခဲ့သည်။ သို့သော် သားအဖနှစ်ဦး သေဆုံးမှုအတွက် တာဝန်ရှိသည်ဟု ယုံကြည်ထားသည့် ရဲအရာရှိများကို စွဲချက်မတင်ဘဲ တာဝန်ရွှေ့ပြောင်းခြင်းသာလုပ်ခဲ့၍ လူအများ မကျေမနပ်ဖြစ်လျက်ရှိသည်။   


(KNT)






အခြားဆက်စပ်သတင်းများ