နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိုစမာဘင်လာဒင်ကို အာဇာနည်ဟု သုံးနှုန်းခဲ့ခြင်းကြောင့် ပါကစ္စတန်ဝန်ကြီးချုပ် ဝေဖန်ခံနေရ

အစ္စလာမ်မာဘတ်  ဇွန်   ၂၇

အမေရိကန်နိုင်ငံက အိုစမာဘင်လာဒင်ကို အာဇာနည်ဖြစ်အောင် လုပ်ခဲ့သည်ဟု လွှတ်တော်တွင် ပြောကြားခဲ့ခြင်းကြောင့် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် အိုင်မရန်ခန်းမှာ အတိုက်အခံ လွှတ်တော်အမတ်များ၏ ဝေဖန်မှုဖြင့် ရင်ဆိုင်နေရသည်။ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုများကို ကြိုးကိုင်ခဲ့သည့် အိုစမာဘင်လာဒင်မှာ ၂၀၁၁ ခုနှစ်က ပါကစ္စတန်နိုင်ငံ အက်ဘော့တာဘတ်မြို့တွင် ပုန်းအောင်းနေစဉ် အမေရိကန်အထူးတပ်ဖွဲ့၏ စီးနင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည်။ အမေရိကန်နိုင်ငံက အဆိုပါစစ်ဆင်ရေးမစတင်မီ ပါကစ္စတန်နိုင်ငံကို ကြိုတင်အကြောင်းကြားခဲ့ခြင်းမရှိပေ။

ပါကစ္စတန်နိုင်ငံမှာ ဒေသတွင်းလှုပ်ရှားရန် အဓိကထားသည့် အကြမ်းဖက်အဖွဲ့များအတွက် ဘေးကင်းလုံခြုံရာနေရာဖြစ်နေဆဲဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အစီရင်ခံကို ပါကစ္စတန်နိုင်ငံခြား ရေးဝန်ကြီးဌာနက ပယ်ချခဲ့ပြီးနောက် အိုင်မရန်ခန်းက လွှတ်တော်တွင် ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

''အမေရိကန်တွေက အက်ဘော့တာဘတ်ကို ရောက်လာပြီး အိုစမာဘင်လာဒင်ကို အသေဖမ်းဆီးတယ်။ အာဇာနည်ဖြစ်အောင် လုပ်လိုက်တယ်။ အဲဒီအချိန်တုန်းက ပါကစ္စတန်နိုင်ငံသားတွေ အရှက်တကွဲဖြစ်ခဲ့ရတာကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး''ဟု အိုင်မရန်ခန်းက ပြောသည်။ အိုင်မရန်ခန်းသည် အစ္စလာမ်အာဇာနည်ဆိုသည့် အာရေဗျ စကားလုံး(ရှာဟိ - Shaheed)ဟု သုံးနှုန်းခဲ့ခြင်းဖြစ်သည်။ ပါကစ္စတန်နိုင်ငံ၏ အတိုက်အခံခေါင်းဆောင်နှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ခါဝါဂျီအဆစ်က အိုင်မရန်ခန်းကို ဝေဖန်ခဲ့ပြီး ဘင်လာဒင်မှာ လမ်းဆုံးနေသည့် အကြမ်းဖက်သမားဖြစ်သည်ဟု မှတ်ချက်ပေးခဲ့သည်။  ဘင်လာဒင်က ကျွန်တော်တို့နိုင်ငံကို ဖျက်ဆီးခဲ့တာပါ။ ဒါနဲ့တောင် အိုင်မရန်ခန်းက သူ့ကို အာဇာနည်လို့ ခေါ်နေပါသေးတယ်''ဟု ယင်းက ဆိုသည်။ 

(KNT)






အခြားဆက်စပ်သတင်းများ