ငှက်ဖျားရောဂါသည် မြန်မာနိုင်ငံအပါအဝင်အရှေ့တောင် အာရှနိုင်ငံများတွင် ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။ ကမ္ဘာ့ငှက်ဖျားရောဂါဖြစ်ပွားသေဆုံးမှု၏ ၉၀ ရာခိုင်နှုန်း သည် အာဖရိကနိုင်ငံများတွင် ဖြစ်ပွားလျက်ရှိပြီး ဒုတိယ အများဆုံးမှာ အရှေ့တောင်အာရှနိုင်ငံများဖြစ်သည်။
မြန်မာနိုင်ငံလူဦးရေ တစ်ဝက်ကျော်သည် ကူးစက်မှုအန္တရာယ် ရှိသည့်ဒေသများတွင် နေထိုင်ကြပြီး ၂၀၂၂ ခုနှစ်တွင် ငှက်ဖျား ရောဂါကြောင့် သေဆုံးသူ ၂၂ ဦးရှိသည်။ မြန်မာနိုင်ငံတွင် အမျိုးသားငှက်ဖျားရောဂါတိုက်ဖျက်ရေးအနေဖြင့် ၂၀၁၅ ခုနှစ် တွင် ထောင်စုနှစ်ရည်မှန်းချက်ဖြစ်သော ထက်ဝက်လျှော့ချရေး ရည်မှန်းချက်ကို ပြည့်မီအောင်ဆောင်ရွက်နိုင်ခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနသည် နှီးနွှယ်ဌာနဆိုင်ရာများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသခံလူမှုရေးအဖွဲ့အစည်း များနှင့် ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှု ကြောင့် အောင်မြင်မှုများရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါဆိုင်ရာ အလေ့အကျင့်ကောင်း၊ ရလဒ်ကောင်း များကို ဆက်လက်ထိန်းသိမ်းရန်နှင့် ငှက်ဖျားရောဂါဖြစ်ပွားသူများသေဆုံးမှုမရှိစေရေးအတွက် ဆောင်ရွက်ရှိသည်။
ငှက်ဖျားရောဂါ ကာကွယ်ရေးလုပ်ငန်းများ၊ ငှက်ဖျားရောဂါ ပိုးရှိ၊ မရှိ စစ်ဆေးခြင်းလုပ်ငန်းများနှင့် ငှက်ဖျားရောဂါကို စောစီးစွာဖော်ထုတ်ပြီး ထိရောက်စွာ စနစ်တကျကုသရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် မိမိ သို့မဟုတ် မိသားစုဝင် တစ်ဦးဦး ငှက်ဖျားရောဂါလက္ခဏာများ ဖြစ်ပေါ်ပါက မြို့နယ် ငှက်ဖျားရောဂါပပျောက်ရေး စီမံခန့်ခွဲမှုအဖွဲ့သို့ ဆက်သွယ်ရ ပါမည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ခြင်ကြောင့်ဖြစ်ပွားသော ရောဂါဖြစ်ပွားမှု ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများက သွေးလွန် တုပ်ကွေးကာကွယ်နှိမ်နင်းရေး စီမံချက်များချမှတ်ကာ အချိန် နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိသည်။
သွေးလွန်တုပ်ကွေးကာကွယ်ရေးတွင် ခြင်နှိမ်နင်းရေးသည် အဓိကဖြစ်သည့်အလျောက် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ပုဒ် အတိုင်း လိုက်နာဆောင်ရွက်ကြရန်လိုအပ်သည်။ ခြင်ကြောင့် ခိုအောင်းနိုင်သည့် ပတ်ဝန်းကျင်ကို သန့်ရှင်းရေးပြုလုပ်ခြင်း၊ အမှိုက်များရှင်းလင်းခြင်း သန့်ရှင်းမှုပြုလုပ်ဆောင်ရွက်ရန် လိုအပ်သည်။ သို့ဖြစ်ရာ ရောဂါဖြစ်ပွားနှုန်းနည်းစေရန် ကာကွယ်ရေး နှင့်ကုသရေးအစီအမံများကို လိုက်နာဆောင်ရွက်သင့် ကြောင်း တိုက်တွန်းနှိုးဆော်ရပါသည်။ ။