နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဇွဲကပင်တောင်တွင် ပျောက်ဆုံးခဲ့သည့် ကျောင်းသူ အလောင်းအား တွေ့ရှိ၊ ပြန်လည်သယ်ယူရေးဆောင်ရွက်

ဘားအံ၊ ဇွန် ၂၇

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ဇွဲကပင်တောင်တွင် ပျောက်ဆုံးခဲ့သည့် တက္ကသိုလ်ကျောင်းသူ၏ ရုပ်အလောင်းကို ဇွန် ၂၇ ရက်၊ နံနက် ၁၀ နာရီ ၃ မိနစ်အချိန်တွင် ဒရုန်းဖြင့် ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ပြန်လည်သယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။

ဇွန် ၂၆ ရက်၊ နံနက် ၅ နာရီ ၇ မိနစ်အချိန်ခန့်က ဇွဲကပင်တောင်ပေါ်တွင် အမျိုးသမီးတစ်ဦးပျောက်ဆုံးနေ ကြောင်း သတင်းရရှိသဖြင့် ဘားအံမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်တစ်စီး၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင် ကိုးဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ နံနက် ၅ နာရီ ၅၀ မိနစ်အချိန်တွင် အမြင့်ပေ ၂၀၀၀ ခန့်သို့ရောက်ရှိခဲ့ပြီး အမျိုးသမီးစီး ဖိနပ်တစ်ရံ တွေ့ရှိခဲ့သည်။

ဇွန် ၂၆ ရက်၊ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မာဃလူမှုကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ပြည်နယ်မြေတိုင်းအဖွဲ့မှ Drone အဖွဲ့များ၊ ပတ်ဝန်းကျင်ရှိ ပြည်သူများဖြင့်ပူးပေါင်း၍ ဆက်လက်ရှာဖွေခဲ့ရာ ညနေ ၄ နာရီခွဲအချိန်ထိ ပျောက်ဆုံးသူ၏ ဆိုင်ကယ်သော့ကို သာ ရှာဖွေတွေ့ရှိခဲ့သည်။

ပျောက်ဆုံးနေသူအား ဆက်လက်ရှာဖွေရေးအတွက် ဇွန် ၂၇ ရက်၊ နံနက် ၅ နာရီအချိန်မှ စတင်ဆောင်ရွက်ခဲ့ရာ ပျောက်ဆုံးသူ၏ တည်နေရာအား နံနက် ၁၀ နာရီ ၃ မိနစ်အချိန်ခန့်တွင် တွေ့ရှိခဲ့ပြီး သယ်ဆောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့သည်။ မွန်းလွဲ  ၁၂ နာရီ ၃၆ မိနစ်အချိန်တွင် ရဲလုပ်ငန်းပြီးစီး၍ သေဆုံးသူရုပ်အလောင်းအား ဒေသခံများ၏လမ်းပြမှုဖြင့် တောင်ပတ်လမ်းမှ သယ်ဆောင်ခဲ့ကြောင်း၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်တွင် တောင်ခြေသို့ရောက်ရှိပြီး ရုပ်အလောင်းအား လူနာတင်ယာဉ်ဖြင့် ဘားအံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အမျိုးသမီးမှာ ဘားအံမြို့၊ အမှတ် (၆) ရပ်ကွက်၊ သီရိဈေးအနောက်ဘက်ရှိ အမျိုးသမီးဘော်ဒါဆောင်တွင် နေထိုင်၍ ဘားအံတက္ကသိုလ်၊ သတ္တဗေဒ ဂုဏ်ထူးတန်းပထမနှစ်တွင် တက်ရောက်နေသူဖြစ်ကြောင်း သိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ