နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်သာယာမှ မရှိနွမ်းပါးသူများကို ရိက္ခာထုပ်များ ပေးဝေ

ရန်ကုန် ဧပြီ ၆ Clean Yangon အဖွဲ့မှဦးဆောင်၍ ဧပြီ ၅ ရက်၊ နံနက်ပိုင်းက လှိုင်သာယာမြို့နယ်အတွင်းမှ ကျူးကျော်တဲများရှိသည့် နေရာ ၃ နေရာတွင် ရိက္ခာထုပ်များသွားရောက်ဝေမျှခဲ့ရာ အဆိုတော်လင်းလင်းနှင့် သရုပ်ဆောင်နန်းဆုရတီစိုးတို့လည်း ပူးပေါင်းပါဝင်ဝေမျှခဲ့ကြသည်။ ''COVID-19 ကြောင့် ဖြစ်ပေါ်လာတဲ့အခြေအနေမှာ ဝင်ကူမယ်ဆိုပြီးဆုံးဖြတ်တယ်။ အဖွဲ့ဝင်တွေရဲ့ Member ကြေးတွေနဲ့ စေတနာရှင်တွေရဲ့ အလှူငွေတွေပေါင်းပြီးလာကူညီတာဖြစ်ပါတယ်''ဟု Clean Yangon တာဝန်ခံ ကိုဇေယျာထွန်းက ပြောသည်။ ယခုကဲ့သို့ ရိက္ခာထုပ်ဝေမျှရာတွင် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ လက်သန့်ဆေး၊ ENERVON-C စသည့် ရိက္ခာများကို အိမ်ထောင်စုတစ်စုချင်းဆီသို့ဝေမျှခဲ့ခြင်းဖြစ်ရာ စုစုပေါင်းအိမ်ထောင်စု ၄၀ဝ စာအတွက် ဝေမျှခဲ့သည်။ အဆိုပါရိက္ခာထုပ်ဝေမျှရေးအစီအစဉ်တွင် သရုပ်ဆောင်နန်းဆုရတီစိုးကလည်း တစ်အိမ်ထောင်လျှင် ၁၅၀ဝ၀ ကျပ်နှုန်းဖြင့် အိမ်ထောင်စု ၅၀ စာအတွက် ငွေကျပ် ၇၅၀ဝ၀ဝ ကျပ်ကို ထည့်ဝင်လှူဒါန်းခဲ့သည်။ ''တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေ၊ စီးပွားရေးအခက်အခဲရှိတဲ့သူတွေအတွက်စဉ်းစားပြီး စားနပ်ရိက္ခာကိုလာပြီး လှူဒါန်းပေးတာဖြစ်ပါတယ်''ဟု သရုပ်ဆောင် နန်းဆုရတီစိုးက ပြောသည်။ Clean Yangon အဖွဲ့နှင့် စေတနာ့ဝန်ထမ်းအဖွဲ့များပူးပေါင်း၍ မရှိနွမ်းပါးသည့်ပြည်သူများနှင့် လမ်းဆုံ၊ လမ်းခွတွင် တောင်းရမ်းစားသောက်နေရသူများကို ရိက္ခာများလိုက်ဝေခဲ့သည်မှာ ယခုဆိုလျှင် အိမ်ထောင်စု ၇၀ဝ စုအတွက် ဝေမျှပြီးလည်းဖြစ်သည်။ Clean Yangon အဖွဲ့အနေဖြင့် COVID-19 ရောဂါ ဖြစ်ပွားလျက်ရှိသောကာလတွင် အင်တိုက်အားတိုက်ဖြင့် ဆက်လက်ကူညီသွားမည်ဖြစ်ရာ အိမ်ထောင်စု ၂၀ဝ၀ စုအတွက် ထပ်မံဝေမျှသွားရန် အဆင်သင့်ဖြစ်နေပြီဟု Clean Yangon တာဝန်ခံ ကိုဇေယျာထွန်းက ပြောသည်။ ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ