နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့၌ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ လားရှိုးမြို့တို့တွင် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

ရန်ကုန် ဇွန် ၂၆

ဇွန် ၂၆ ရက်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် မြန်မာနိုင်ငံအတွင်း တစ်နှစ်တာကာလ ဖမ်းဆီးရမိ မူးယစ်ဆေးဝါး နှင့်ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် COVID 19 ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ရန်ကုန်မြို့၊ မန္တလေးမြို့၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နှင့် လားရှိုးမြို့တို့တွင် ပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ နယ်မြေခံတပ်ရင်းရှေ့ရှိ ဘောလုံးကွင်း၌ပြုလုပ်သည့် မီးရှို့ဖျက်ဆီးခြင်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းတို့ တက်ရောက်၍ ၂၀၂၀ ပြည့်နှစ်၊ နှစ်ဆန်းပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခန်ဒေသတွင် တပ်မတော်စစ်ကြောင်းများ၏ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် အထူးစစ်ဆင်ရေး ပြုလုပ်သိမ်းဆည်းရမိသော ဘိန်း ၁၄၆ ကီလိုကျော်၊ ဘိန်းဖြူ ၂၉၁ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၃ သန်းကျော်၊ အိုက်စ် ၅၀၁ ကီလိုကျော်၊ ကဖင်း ၂၂၀၂ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၁၄ မျိုး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၆၀၈.၉၄၈ ဘီလီယံ (အမေရိကန် ဒေါ်လာ သန်း ၄၂၀)အား ဖျက်ဆီးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း ကုန်တင်ယာဉ် ရပ်နား ကွင်း၌ ပြုလုပ်သည့် မီးရှို့ဖျက်ဆီးခြင်းတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများမှ ဖမ်းဆီးရမိသော ဘိန်း ၄၆ ကီလိုကျော်၊ ဘိန်းဖြူ ၂၃ ကီလိုကျော်၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၄၇ သန်းခန့်၊ အိုက်စ် ၂၉၈၂ ကီလိုကျော်၊ ဘိန်းစာမှုန့် ၃၀၄၂ ကီလိုခန့်၊ ကတ်တမင်း ၅၁၅ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါး ၂၆ မျိုးနှင့် ဓာတုပစ္စည်း ၂ မျိုးတို့၏ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၂၀၈.၈၇ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၄၄ သန်းကျော်)အား ဖျက်ဆီးခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်ရှိ ရွှေမန်းတောင် အားကစားကွင်း၌ ပြုလုပ်သည့် မီးရှို့ဖျက်ဆီးခြင်းတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက်၍ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံ အထက်ပိုင်းဒေသများ၊ အလယ်ပိုင်းဒေသများမှ ဖမ်းဆီးရမိသည့် ဘိန်း ၅၃၉ ကီလိုကျော်၊ ဘိန်းဖြူ ၂၆၂ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ သန်းကျော်၊ အိုက်စ် ၂၀ ကီလိုကျော်၊ ကတ်တမင်း ၃၅ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါး ၂၆ မျိုးနှင့်ဓာတုပစ္စည်း ၁၇ မျိုး တို့၏ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၅၉.၁၃ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း၄၀ ကျော်)အား ဖျက်ဆီးခဲ့သည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်း၌ ပြုလုပ်သည့် မီးရှို့ဖျက်ဆီးခြင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင် တို့ တက်ရောက်၍ ရှမ်းပြည်နယ်၊ ကယားပြည်နယ် တို့မှ ဖမ်းဆီးရမိသည့် ဘိန်း ၂၄၀၁ ကီလိုကျော်၊ ဘိန်းဖြူ ၅၁၅ ကီလို ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၅၁ သန်းကျော်၊ အိုက်စ် ၇၆၂၇ ကီလို၊ ကတ်တမင်း ၈၇၀ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါး ၁၉ မျိုးနှင့် ဓာတုပစ္စည်း ၃၀ မျိုး တို့၏ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၃၃၇.၃၈၅ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂၃၂ သန်းကျော်)အား ဖျက်ဆီးခဲ့သည်။

ဇွန်လ ၂၃ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ်၊ လွယ်ခန်ဒေသမှ သိမ်းဆည်းရမိသော ဓာတု ပစ္စည်း ၄၇ မျိုး တန်ဖိုး မြန်မာငွေကျပ် ၃.၃၇၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၃ သန်းကျော်)နှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း ၅၀ မျိုးတို့ကို ကြိုတင်ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။
ယခုနှစ် ၂၀၂၀ ပြည့်နှစ်တွင် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသော ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ဖျက်ဆီးခြင်းကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ လားရှိုးနှင့် ကွတ်ခိုင်မြို့ ၅ နေရာတွင် ပြုလုပ်ခဲ့ရာ ဘိန်း ၃၁၃၄ ကီလိုကျော်၊ ဘိန်းဖြူ ၁၀၉၂ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၈ သန်းခန့်၊ အိုက်စ် ၁၁၁၃၁ ကီလိုကျော်၊ ဆေးခြောက် ၈၀၉ ကီလိုကျော် နှင့် ကတ်တမင်း ၁၄၂၈ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါးနှင့်ဓာတုပစ္စည်း ၁၁၃ မျိုး စုစုပေါင်း တန်ဖိုး မြန်မာငွေကျပ် ၁၂၁၇.၇၁၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၃၉ သန်းကျော်)နှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်း အမျိုးပေါင်း ၅၀ တို့အား ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ်က ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့ ၃ နေရာတွင် ပြုလုပ်ခဲ့သည့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးမှု၌ ဘိန်း ၁၀၆၅ ကီလိုကျော်၊ ဘိန်းဖြူ ၈၂၄ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၈ သန်းကျော်၊ အိုက်စ် ၄၂၇၆ ကီလိုကျော်၊ ဆေးခြောက် ၁၉၃ ကီလိုကျော် နှင့် ကတ်တမင်း ၂၄၈၃ ကီလိုခန့် အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၅၉ မျိုး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၄၅၁.၇၄၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၀၁ သန်းကျော်) အား ဖျက်ဆီး နိုင်ခဲ့ပြီး ယခုနှစ်တွင် နိုင်ငံအတွင်း ဖော်ထုတ်ဖမ်းဆီးအရေးယူမှုများ ပိုမိုပြုလုပ်နိုင်ခဲ့သဖြင့် ဖမ်းဆီး ရမိမှု ပမာဏ တိုးမြင့်လာကာ ယခင်နှစ်ကထက် တန်ဖိုးအားဖြင့် မြန်မာငွေကျပ် ၇၆၅.၉၆၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၃၈ သန်းကျော်) ပိုမိုဖျက်ဆီးနိုင်ခဲ့သည်။

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့က အရှိန်အဟုန် မြှင့်တင် ကြိုးပမ်းဆောင်ရွက်မှုကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ၂၀၁၉ ခုနှစ်ကထက် ၃ ဆခန့် ပိုမိုဖော်ထုတ် ဖမ်းဆီးရမိ ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ