နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချင်းပြည်နယ်တွင် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းရရှိရန် ဝဥကိုစီးပွားဖြစ်ထုတ်လုပ်မည်

ဟားခါး ဇွန် ၂၆


ချင်းပြည်နယ်၌ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ဝဥကိုစိုက်ပျိုး၍ စီးပွား ဖြစ်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။


“ဝဥကိုစီးပွားဖြစ်ထုတ်လုပ်နိုင်အောင် ကျွန်တော်တို့ကြိုးစားနေပါတယ်။ မြို့နယ်တစ်မြို့နယ်ကို ဝဥစိုက်ပျိုးဖို့အတွက် ဧက ၁၀ဝ ကိုပိုက်ဆံချေးပြီး စိုက်ပျိုးဖို့လုပ်နေပါတယ်။ မြို့နယ်က ၉ မြို့နယ်ရှိတယ်။ ၉ မြို့နယ်ရှိတာဖြစ်တဲ့အတွက် ဧကပေါင်း ၉၀ဝ ပေါ့။ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးမယ့်ဧက  က (၁၀ဝ)။ အားလုံးပေါင်း ဧက ၁၀ဝ၀ စိုက်ပျိုးဖို့အတွက် ချေးငွေရရှိအောင် SME Development က နေပဲချေးငွေရရှိဖို့ကြိုးစားနေတယ်။ မြို့နယ်တစ်ခုကို တစ်ဧကကို ၁၅ သိန်းနှုန်းနဲ့ မြို့နယ်တစ်မြို့နယ်ကို ၁၅၀ဝ နှုန်းနဲ့ အားလုံးပေါင်း သိန်းပေါင်း တစ်သောင်းခွဲချေးငွေရဖို့ကြိုးစားနေပါတယ်။ ဒေသတွင်းအလုပ်အကိုင်ရရှိအောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်”ဟု လျှပ်စစ်၊ စက်မှုလက်မှုနှင့် စည်ပင်သာယာရေးဝန်ကြီးဦးစိုးထက်က ပြောသည်။


ဝဥကို စီးပွားဖြစ်ထုတ်လုပ်နိုင်ရန် မြို့နယ်တစ်မြို့နယ်စီတွင် ဧက ၁၀ဝ  စိုက်ပျိုးမည်ဖြစ်ကာ မြို့နယ် ၉ ခုအပါအဝင် ဘိန်းအစားထိုးစိုက်ခင်း စုစုပေါင်း ဧက ၁၀ဝ အတွက် စုစုပေါင်းချေးငွေ သိန်းပေါင်း ၁၅၀ဝ၀ ရရှိအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


လက်ရှိတွင် ဝဥကို စီးပွားဖြစ် တရုတ်နိုင်ငံသို့တိုက်ရိုက်တင်ပို့နိုင်ရန် ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် စက်ရုံတည်ဆောက်ထားပြီး တရုတ်ကုမ္ပဏီနှင့် နှစ်စဉ်တန်ချိန်  ၅၀ဝ ခန့် ခန့်မှန်းတန်ဖိုး ကန်ဒေါ်လာ ၅သန်း ရောင်းဝယ်ရေးစာချုပ် ချုပ်ဆိုထားကြောင်းသိရသည်။


စက်ရုံတည်ထားသည့်အတွက် လိုအပ်သည့်ငွေကြေးအရင်းအနှီးကို SME Development ပိုင်းနှင့်ချိတ်ဆက်ဆောင်ရွက်နေပြီး လက်ရှိတွင်လည်း လုပ်ငန်းလည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။ နောက်ပိုင်းတွင်       ကုန်ကြမ်းနှင့်ထွက်သည့်ပမာဏအပေါ်မူတည်၍ များများထုတ်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံတွင် ဝဥပင်များကို ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်း၊ စစ်ကိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးများရှိ သစ်ရိပ်၊ ဝါးရိပ်၊ အစိုဓာတ်ကောင်းသည့်နေရာများတွင် သဘာဝအလျောက် အမြောက်အမြား ပေါက်ရောက်လျက်ရှိကြောင်းသိရသည်။

အဆိုပါဝဥကို တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတွင် စားသောက်ကုန်ထုတ်လုပ်ခြင်း၊ စက်မှုကုန်ကြမ်းပြုလုပ်ခြင်း၊ အလှကုန်ပစ္စည်းများထုတ်လုပ်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်း၊ ဘေးထွက်ပစ္စည်းများအား တိရိစ္ဆာန်အစားအစာအဖြစ် တွင်ကျယ်စွာအသုံးပြုကြောင်း သိရသည်။                                                 


AMH(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ