နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးနှင့်ဆောင်ရွက်ရန်လျာထားသော လုပ်ငန်းစီမံကိန်းများ ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်၊ ဇွန် ၂၆


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး ဦးဆောင်၍ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ဆဲနှင့်ဆောင်ရွက်ရန်လျာထားသော လုပ်ငန်းစီမံကိန်းကြီး များအတွက် ညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၅ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲက မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ (၄) ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီအနေဖြင့် ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုစီမံကိန်း (ချောင်းကြီး၊ မြောင်းကြီး၊ မီးရထားလမ်းနှင့် ကားလမ်းဆုံသည့်နေရာများကို အဆင့်မြှင့်တင်ခြင်း)နှင့် ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ် (ရန်ကုန်မြို့အနောက်ဘက်တွံတေးနှင့် ကြည့်မြင်တိုင်မြို့နယ်တောင်ဘက်ရှိ ဆိပ်ကြီးခနောင်တိုမြို့နယ်တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် လျာထားခြင်း) ကို ပြုလုပ်ဆောင်ရွက်ရန်၊ အောင်မင်္ဂလာအဝေးပြေးယာဉ် ရပ်နားစခန်းနှင့် ဒဂုံဧရာအဝေးပြေး ယာဉ်ရပ်နားစခန်း အဆင့်မြှင့်တင်ခြင်း၊ အရှေ့တောင်အာရှ သဘာဝဘေး အန္တရာယ်ကြောင့် မြို့ပြရေကြီးရေလျှံမှုအန္တရာယ်များအား ဆုံးရှုံးနိုင်ခြေစီမံကိန်းကို စီမံခန့်ခွဲခြင်း၊ လေထု အရည်အသွေး စောင့်ကြည့်လေ့လာခြင်း၊ ပိုလန်နိုင်ငံအစိုးရ၏ ODA ချေးငွေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်းမှ ထွက်ရှိလာသော စွန့်ပစ်အမှိုက် နေ့စဉ် တန် ၁၀၀၀ အား ပြုပြင်သန့်စင်သည့်စီမံကိန်းကို ဆောင်ရွက်ခြင်း၊ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံတွင် မီးလောင်မှုမဖြစ်ပေါ်စေရေးအတွက် အမှိုက်များအား Mechanical Biological Treatment နည်းစဉ်ဖြင့် ချေဖျက်ခြင်းစနစ်အား ပြုလုပ်ဆောင်ရွက်ခြင်း၊ ရန်ကုန်မြို့ မိလ္လာပြွန်စနစ်ဖွံ့ဖြိုးမှုစီမံကိန်းကို ဆောင်ရွက်ခြင်း၊ တာမွေအဆင့်မြင့်ဈေး တည်ဆောက်ခြင်းဆိုင်ရာ လုပ်ငန်း အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း၊ Yangon Mapping Porject အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် Smart Parking Project မြို့တွင်း (၆) မြို့နယ် ဆောင်ရွက်နိုင်ရန်ဆွေးနွေးခြင်း၊ Non Revenue Water Reduction Project (တာမွေ၊ ရန်ကင်း၊ မရမ်းကုန်း၊ တောင်ဥက္ကလာ၊ အင်းစိန်မြို့နယ်)များ ဆောင်ရွက်ခြင်း၊ မြို့နယ်များ ရေဖူလုံမှုအတွက် ရေပိုက်များကို တိုးချဲ့တပ်ဆင်ခြင်း၊ ငမိုးရိပ်-လှော်ကား ရေပေးရေးလုပ်ငန်း၊ လဂွန်းပြင်ရေပေးဝေရေးလုပ်ငန်းနှင့် မြို့သစ်ရေပေးရေးလုပ်ငန်းများ၏ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းများကို တင်ပြနိုင်ရန် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် တက်ရောက်လာသော လုပ်ငန်းတာဝန်ခံအဖွဲ့များမှ တာဝန်ရှိသူများက ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ပြီးစီးမှုလုပ်ငန်းများကို ပြန်လည်ရှင်းလင်းတင်ပြပြီး အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ အစည်းအဝေးသို့ ကော်မတီဝင်များနှင့် ဌာနမှူးများ၊ ဒုတိယဌာနမှူးများ၊ လုပ်ငန်းတာဝန်ခံအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသိရသည်။

သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ