နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကန်ဒေါ်လာ ၈၃၉ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး ၂၀၁၉ ခုနှစ်ကထက် သုံးဆခန့် ပိုမိုဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆို

ရန်ကုန်၊ ဇွန် ၂၆


(၃၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်သည့် ဇွန် ၂၆ ရက်တွင် အမေရိကန်ဒေါ်လာ ၈၃၉ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၁၁၃ မျိုးကို မီးရှို့ဖျက်ဆီးခဲ့သည်။ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ လားရှိုးနှင့် ကွတ်ခိုင်မြို့နယ်တို့တွင် ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၁၁၃ မျိုးအပါအဝင် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း အမျိုးပေါင်း ၅၀ ကိုလည်း ဖျက်ဆီးခဲ့သည်။

''ဒီနှစ်က ၂၀၁၉ ခုနှစ်ထက်စာရင် အမှုအရေအတွက်လည်း များတယ်။ မီးရှို့ဖျက်ဆီးတဲ့ပမာဏလည်း များတယ်။ ဒီနှစ်က မူးယစ်ဆေးဝါးပမာဏအနေနဲ့ရော၊ တန်ဖိုးအနေနဲ့ရော ပိုမိုဖမ်းဆီး ဖော်ထုတ်နိုင်ခဲ့ပါတယ်''ဟု မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးလှဝေက ပြောသည်။


၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၀၁ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၅၉ မျိုး ဖျက်ဆီးခဲ့ခြင်းဖြစ်သည့်အတွက် ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၃၈ သန်းကျော် ပိုမိုဖျက်ဆီးနိုင်ခဲ့သည်။ အမှုပေါင်းအနေဖြင့်လည်း ၂၀၁၉ ခုနှစ်ကထက် ၁၂၈၇ မှု ပိုမိုဖမ်းဆီးနိုင်ခဲ့သည်။

ယခုနှစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့သည့် အတွက် ၂၀၁၉ ခုနှစ်ကထက် ၃ ဆခန့် ပိုမိုဖော်ထုတ်ဖျက်ဆီးနိုင်ခဲ့ပြီး ရခိုင်ပြည်နယ်တွင် ဖမ်းဆီးရမိသည့် အရေအတွက်က အများဆုံးဖြစ်သည်ဟု ဒုတိယရဲမှူးကြီး လှဝေက ပြောသည်။


နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ